ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ပွဲစဉ်ဟာ ထင်ထားတာထက် ပိုမို အကြိတ်အနယ် ရှိခဲ့ကာ ဆွစ်ဇာလန်အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အနိုင်ရသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာ သာမန် ပွဲကစားချိန်နဲ့ အချိန်ပို မိနစ်၃၀တို့ ကစားပြီးချိန်မှာ တဖက် သုံးဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူရပြီး ပင်နယ်တီ ကန်သွင်းရာမှာတော့ ဆွစ်ဇာလန် အသင်းဘက်က ကစားသမား ၅ဦးစလုံး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ပြင်သစ်အသင်းရဲ့ ၅လုံးမြောက် ပင်နယ်တီ ကန်သွင်းတဲ့ အမ်ဘာပေရဲ့ ပင်နယ်တီကို ဆွစ်ဇာလန် ဂိုးသမား ဆိုမာက ကာကွယ်နိုင်ခဲ့တာကြောင့် ဆွစ်ဇာလန်အသင်းဟာ ပြင်သစ်အသင်းကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

Photo Credit: Metro

ကွာတားဖိုင်နယ်အဆင့် မှာတော့ ဆွစ်ဇာလန်အသင်းဟာ ခရိုအေးရှားအသင်းကို အချိန်ပိုမှာ ရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ စပိန်အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ကာ ယခုလို ယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာဟာ ဆွစ်ဇာလန်အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်မှာ ပြင်သစ်အသင်း အတွက် ဗီလိန်ဖြစ်ခဲ့တဲ့ အမ်ဘာပေကတော့ ပွဲအပြီးမှာ ပရိသတ်ကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။ အမ်ဘာပေဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ ပွဲစဉ် ၄ပွဲစလုံးကို ပါဝင် ကစားခဲ့ပေမယ့် သွင်းဂိုး တဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဂိုးဖန်တီးမှုလည်း တကြိမ်မှ ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ အမ်ဘာပေရဲ့ ခြေစွမ်းပိုင်းကို မေးခွန်းထုတ်တဲ့ ပရိသတ်တွေ များပြားနေပြီး အမ်ဘာပေ ကတော့ ပြင်သစ်အသင်းရဲ့ ရှုံးပွဲဟာ သူ့ကြောင့်ဆိုတာ ဝန်ခံပေမယ့် ပင်နယ်တီ ကန်သွင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တမရဘူးလို့ ဆိုသွားပါတယ်။

Photo Credit: Metro

အမ်ဘာပေက – “ဒီဖြစ်ရပ်ကို မေ့ပျောက်ပစ်ဖို့က အရမ်းကို ခက်ခဲပါတယ်။ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အတွက် အရမ်းကို ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့တွေ မျှော်မှန်းထားတဲ့ ပန်းတိုင်တခုဆီ မလှမ်းနိုင်ခဲ့ပါဘူး။ ပင်နယ်တီ လွဲချော်မှု အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အသင်းကို ကူညီချင်ပေမယ့် မကူညီနိုင်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ကြောင့် အိပ်ဖို့တောင် ခက်ခဲနေပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ ကောင်းတာက ဒီလိုမျိုး အလောင်းအစား ဆန်တဲ့ ဖြစ်ရပ်တွေက ဘောလုံးအားကစားကို ကျွန်တော် ချစ်မြတ်နိုးရတဲ့ အကြောင်းအရင်း တခုလည်း ဖြစ်ပါတယ်” လို့ ပြောကြားသွားတာပဲ ဖြစ်ပါတယ်။