ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဒီရာသီရဲ့ နယ်သာလန် အမှတ်ပေးဘောလုံးပြိုင်ပွဲကို အဆုံးသတ်ခဲဲ့ရသလို အဲ့ဒီနောက် မကြာခင်မှာပဲ ပြင်သစ်လီဂူး အမှတ်ပေးလိဂ်ပြိုင်ပွဲကိုလည်း အဆုံးသတ်ခဲ့ရပါတယ်။ ဒီလို ၂၀၁၉-၂၀၂၀ ပြင်သစ်လီဂူး ဘောလုံးရာသီကို အဆုံးသတ်လိုက်ပြီးတဲ့နောက် ပီအက်စ်ဂျီအသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ခဲ့သလို အေမီယန်နဲ့ တူးလော့စ်အသင်းတို့ကို တန်းဆင်းသွားရတဲ့ အသင်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် လိဂ်သွင်းဂိုး(၁၈)ဂိုး သွင်းယူထားခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေကိုလည်း ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုရှင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Photo Credit : Yahoo News

တကယ်တော့ ဘာပေတစ်ဦးတည်းသာ လီဂူးသွင်းဂိုး(၁၈)ဂိုး သွင်းယူနိုင်ခဲ့တာမဟုတ်ပဲ မိုနာကိုအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘင်ယက်ဒါပါ သွင်းဂိုး(၁၈)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်တဲ့အပြင် ဂိုးဖန်တီးမှုခြင်းကပါ တိုက်တိုက်ဆိုင်ဆိုင် (၅)ကြိမ်ခြင်းတူညီနေတာဖြစ်ပါတယ်။ အခုလို သွင်းဂိုးအရေအတွက်ချင်း တူညီနေခဲ့ပေမယ့် ဘာပေက Open Play ကနေ သွင်းယူခဲ့တဲ့ သွင်းဂိုးပမာဏ ပိုများပြားခဲ့သလို ဘင်ယက်ဒါကတော့ ပင်နယ်တီကနေ သွင်းဂိုး(၃)ဂိုးအထိ ရယူထားနိုင်ခဲ့တာကြောင့် ဘာပေကိုပဲ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit : SportCo

အသက်(၂၁)နှစ်အရွှယ် တိုက်စစ်ကစားသမားလေး ဘာပေက အခုလို လီဂူးရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲဲ့ရလို့ ဝမ်းမြောက်ဝမ်းသာရှိခဲ့ပေမယ့် သူတစ်ဦးတည်းကသာ ဒီဆုကို မပိုင်ဆိုင်သင့်ပဲ သူ့လို သွင်းဂိုး(၁၈)ဂိုး ရယူနိုင်ခဲ့တဲဲ့ မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါပါ ပူးတွဲပိုင်ဆိုင်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘာပေက “အားပေးမှုတွေအတွက် ပရိသတ်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိမိပါတယ်။ ဒါပေမယ့် ဒီဆုကို ဘင်ယက်ဒါလည်း ခံစားသင့်ဖို့ ထိုက်တန်တယ်လို့ ထင်မိပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင်လည်း မနှစ်က ဘောလုံးရာသီမှာဆို ဒီအတိုင်းပဲ ဆောင်ရွှက်ခဲ့တာမလား။ ဒါကြောင့်မို့ ဘင်ယက်ဒါလည်း ရွှေဖိနပ်ဆုကို ပိုင်ဆိုင်သင့်ပါတယ်” လို့ သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ပြောဆိုလာခဲ့ပါတယ်။ ဘာပေဟာ မနှစ်က ဘောလုံးရာသီမှာလည်း ပြင်သစ်လီဂူးသွင်းဂိုး (၃၃)ဂိုးအထိ စွမ်းစွမ်းတမံ သွင်းယူနိုင်ခဲ့တာကြောင့် (၂)ရာသီဆက်တိုက် လီဂူးရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ အနာဂတ်မရေမရာ ဖြစ်နေပေမယ့်လည်း ပီအက်စ်ဂျီမှာတော့ တစ်ရာသီခန့် ဆက်ရှိနေနိုင်ပါသေးတယ်။