ဆော်ဒီတွေရဲ့ မက်မောလောက်စရာ ဒိတ်ဒိတ်ကြဲ ကမ်းလှမ်းမှုကြီးကို ပီအက်စ်ဂျီ ကစားသမား ကီလီယန် အမ်ဘာပေက ပယ်ချထားခဲ့ပေမယ့်လည်း ဘာပေရဲ့ ကလပ်အသင်းဖော် မာကို ဗာရက်တီကတော့ ဆော်ဒီတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

အီတလီ လက်ရွေးစင် ကွင်းလယ် ကစားသမား ဗာရက်တီကို ဆော်ဒီကလပ် အယ်လ် ဟီလယ် နဲ့ အသက်လက်တီကို မက်ဒရစ်အသင်းတို့က ဒီနွေမှာပဲ ခေါ်ယူသွားကြဖို့ အပြိုင် စိတ်ဝင်စားနေကြပေမယ့် အသက်လက်တီကိုက အယ်လ် ဟီလယ်လောက် ငွေကြေး သုံးစွဲနိုင်ခြင်း မရှိသလို ကစားသမား ကိုယ်တိုင်ကလည်း လုပ်ခ လစာ များစွာရရှိမယ့် အယ်လ် ဟီလယ်ဆီကိုပဲ ပြောင်းရွှေ့ချင်နေခဲ့ပါတယ်။

အခုလည်း အယ်လ် ဟီလယ်က ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်လို့ ဗာရက်တီရဲ့ ပြောင်းရွှေ့ကြေးအတွက်ကိုသာ ပီအက်စ်ဂျီအသင်းနဲ့ ဆက်လက် ညှိနှိုင်းဖို့ပဲ ကျန်ရှိနေပါတော့တယ်။ ပီအက်စ်ဂျီကလည်း ဗာရက်တီအတွက် ယူရို သန်း (၃၀)ကျော်လောက်အထိ အလိုရှိနေပါတယ်။

Photo Credit : Twitter

အယ်လ် ဟီလယ်က ဒီဈေးကွက်ထဲမှာ နောက်ခံလူ ကူလီဘလီ ၊ ကွင်းလယ်လူတွေဖြစ်တဲ့ ရူဘင် နေးဗက်စ် နဲ့ မီလင်ကိုဗစ်တို့အပြင် တောင်ပံ ကစားသမား မယ်လ်ကွန်ကိုလည်း ထပ်မံ ခေါ်ယူထားပါသေးတယ်။ အယ်လ် ဟီလယ်က ဘာပေကိုလည်း ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀၀) ကစားသမားအတွက် တစ်နှစ်လုပ်ခ ယူရို သန်း (၇၀၀)နဲ့ ကမ်းလှမ်းထားသေးပြီး ဘာပေကတော့ အယ်လ် ဟီလယ်နဲ့ ဆွေးနွေးဖို့ပါ ငြင်းဆန်ထားခဲ့ပါတယ်။

ဒါပေမယ့် အယ်လ် ဟီလယ်ရဲ့ ကစားသမား ဖြည့်တင်းမှုတွေက ရပ်တန့်သွားဖို့ မရှိသေးပဲ ဗာရက်တီကို ခေါ်ယူပြီးသွားရင်တောင် တိုက်စစ်ပိုင်းအတွက်ကိုလည်း ဖူဟ်ဟမ်ရဲ့ ဆာဘီးယား တိုက်စစ်မှူး မီထရိုဗစ်ကိုပါ ထပ်မံ ခေါ်ယူဖို့ ရှိနေပါတယ်။