လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားတော့မယ့် ပြင်သစ် ထိပ်တန်းကစားသမား ကီလီယန် ဘာပေက သူ့အနေနဲ့ တစ်နေ့နေ့မှာတော့ သူငယ်စဉ်ကတည်းက နှစ်သက်ရတဲ့ အီတလီ စီးရီးအေ ထိပ်တန်းကလပ် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ကစားချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ဘာပေဟာ မိုနာကို ပီအက်စ်ဂျီအသင်းတွေမှာ သူရဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ရင်း အခုတော့ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး နယ်မြေသစ် ကလပ်အသင်းသစ်မှာ ပြောင်းလဲ ကျင်လည်ဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဘာပေက ပီအက်စ်ဂျီကနေ ထွက်ခွာပြီး လာမယ့်နွေမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့က ရာနှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်သလို ဘာပေကလည်း ဒီရက်ပိုင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်တစ်ခုမှာ သူပြောင်းရွှေ့ကစားမယ့် ကလပ်အသင်းကို မကြာခင် ရက်ပိုင်းမှာပဲ ထုတ်ပြန် ကြေညာသွားပါမယ်လို့ အသိပေးခဲ့ပါတယ်။ ဒါကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲကြီး မတိုင်ခင်မှာပဲ ဘာပေရဲ့ အသင်းသစ်ကို သိရှိသွားရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာပေက သူ ငယ်ငယ်လေးကတည်းက အားပေးလာခဲ့ရတဲ့ အေစီမီလန်အသင်းနဲ့အတူ အီတလီ စီးရီးအေပြိုင်ပွဲမှာ ပါဝင်ကစားချင်တဲ့ ဆန္ဒကိုတော့ တစ်နေ့နေ့မှာ အကောင်အထည်ဖော်မယ်လို့ပါ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ “အီတလီ ဘောလုံးနယ်ပယ်ဆီကိုလား။ ဘာတွေ ဖြစ်လာမလဲဆိုတာကို ခင်ဗျားတို့ ဘယ်လိုမှ မသိနိုင်ပါဘူး။”

Photo Credit : Youtube

“ကျွန်တော် ကလေးတုန်းကတော့ ကျွန်တော်က အေစီမီလန်အသင်းရဲ့ ပရိသတ်တစ်ဦး ဖြစ်ခဲ့ပြီးတော့ တစ်နေ့ကျရင် မီလန်အသင်းအတွက် ကစားပေးသွားချင်တယ်ဆိုတဲ့ စကားကိုလည်း ကျွန်တော် အမြဲတမ်း ပြောခဲ့ပါသေးတယ်။ ကျွန်တော်ရော ကျွန်တော့်မိသားစုဝင်တွေကပါ မီလန်နဲ့ စီးရီးအေ ပရိသတ်တွေဖြစ်လို့ စီးရီးအေပွဲတွေရော မီလန်ရဲ့ ပွဲတိုင်းလိုလိုကိုပါ ကျွန်တော် ကြည့်ဖြစ်တယ်။”

“စီးရီးအေပြိုင်ပွဲကလည်း တကယ့် ထိပ်တန်း ပြိုင်ပွဲကြီးတစ်ခု ဖြစ်ပြီးတော့ လာမယ့်နှစ်ကျရင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ တခြားလိဂ်တွေကထက် ပြိုင်ပွဲဝင် အသင်းအရေအတွက် ပိုများများ ပါဝင် ဆင်နွဲရပါတော့မယ်။ ကျွန်တော်လည်း အဲ့ဒီထဲက တစ်သင်းသင်းနဲ့ ချန်ပီယံလိဂ်နဲ့ ရင်ဆိုင် တွေ့ဆုံသွားရနိုင်ပါတယ်။” လို့ ဘာပေက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။