ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက ကမ္ဘာပေါ်က ဘောလုံးသမားတိုင်းရဲ့ စိတ်ကူးအိမ်မက်တစ်ခုဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (ဘလွန်းဒီအောဆု)အပေါ်မှာ ထားရှိနေတဲ့ သူရဲ့ရည်မှန်းချက်အကြောင်းနဲ့ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သူရဲ့တန်ကြေးဖြစ်တဲ့ ယူရိုသန်း(၁၈၀)အကြောင်းတွေကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်ကစားသမား ဘာပေက တကယ့်ကို အရည်အသွေးကောင်းလွန်းလှတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့အပြင် ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၅) ပါဝင်ကစားထားရချိန်မှာ သွင်းဂိုးစုစုပေါင်း (၄၀)အထိကို သွင်းယူထားနိုင်သူဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်လို့ ဒီနှစ်အတွင်း ပေးအပ်သွားမယ့် ဘလွန်းဒီအောဆုစာရင်းမှာပါ ပါဝင်လာဖို့ အခြေအနေကောင်းနေသလို လာမယ့်အနာဂတ်မှာလည်း ရော်နယ်ဒို မက်ဆီတို့ရဲ့နေရာကိုပါ ဝင်ရောက်လာဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sport

ဘလွန်းဒီအောဆုအကြောင်းနဲ့ပတ်သက်ပြီး ဘာပေက “ကျွန်တော့်အတွက် ပထမဆုံးသော ရည်မှန်းချက်ဆိုရင်တော့ အဓိကကျတဲ့ ဆုဖလားကြီးတွေကို ပိုင်ဆိုင်နိုင်ဖို့ပါပဲ။ ဒါပေမယ့်လည်း ဘလွန်းဒီအောဆိုတာကလည်း တကယ့်ကို ကစားသမားကောင်းတစ်ယောက်အဖြစ် ရပ်တည်ချင်နေတဲ့ ကစားသမားတိုင်းရဲ့ ရည်မှန်းချက်တစ်ခုပါပဲ။ ကျွန်တော်လည်း ဒီလိုကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ပါပဲ။ ဒါပေမယ့် ဒီဆုကြီးအကြောင်းကို အလွန်အကျွံ ပြောဆိုနေခြင်းက စိတ်ကြီးဝင်နေသလို ဖြစ်နေမှကိုတော့ ကျွန်တော်မလိုလာဘူး” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဘာပေက သူရဲ့တန်ကြေးကြီး ယူရိုသန်း(၁၈၀)နဲ့ပတ်သက်ပြီးတော့ကိုလည်း “ကျွန်တော်ရဲ့ လက်ရှိတန်ကြေးက အဲ့လောက်ရှိနေတယ်ဆိုပေမယ့် မနက်တိုင်းမှာ ဒါကြီးကို ကျွန်တော်တွေးမိမယ်လို့ ထင်လား။ မတွေးဘူး။ ဒါက ဘောလုံးလောကမှာ လည်ပတ်နေတဲ့ ငွေကြေးတစ်ခုပဲ။ ကျွန်တော့်အိတ်ထဲကိုလည်း ရောက်လာတာမဟုတ်ဘူးလေ။ ကျွန်တော်က ဘောလုံးပေါ်မှာပဲ ရူးသွပ်တယ်။ ကျွန်တော်ရဲ့ကစားသမားဘဝကို ရေရှည်ဆက်သွားဖို့ကိုပဲ အာရုံစိုက်ထားတယ်။ ကျွန်တော်ရဲ့ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက်ကို ကူညီပေးသွားဖို့အတွက်ကိုပဲ ကြိုးစားသွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။