ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေ ကတော့ ယနေ့မနက်မှာပဲ အသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်ခါလိုင်ဖီနဲ့ တွေ့ဆုံကာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံလိုက်ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စာချုပ်သစ်သာ ထပ်မချုပ်ဖြစ်ရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့် ကစားသမား တဦးပါ။

Photo Credit: Marca

လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေကာ အမ်ဘာပေကလည်း သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ အမ်ဘာပေကို လက်မလွှတ်လိုပဲ အသင်းမှာသာ ဆက်ထိန်းဖို့ ကြိုးစားနေပေမယ့် အမ်ဘာပေကတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီကိုလည်း အသိပေးခဲ့ပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း အမ်ဘာပေအတွက် တရားဝင် ဆွေးနွေးမှု ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

နာမည်ကြီး စပိန်သတင်းထောက် ဂျိုးဆက် ပတ်ဒရယ်ရိုကတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှုဟာ ယူရို ၁၅၀သန်းနဲ့ ၁၈၀သန်းကြား ရှိကြောင်း ဆိုပါတယ်။