ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ထံ အလွတ်နဲ့ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၀ဦး စာရင်းဝင်သူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Marca

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၅လဝန်းကျင်သာ ကျန်တော့တာကြောင့် အမ်ဘာပေဟာ သူ နှစ်သက်တဲ့ အသင်းတသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်နေပြီ ဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မကုန်ဆုံးမီမှာတော့ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး ပီအက်စ်ဂျီဘက်က အမ်ဘာပေကို ရောင်းချဖို့ ငြင်းဆန်လိုက်တာကြောင့်သာ အပြောင်းအရွှေ့က မဖြစ်ပေါ်လာခဲ့တာပါ။

Photo Credit: Marca

ဒါပေမယ့် အမ်ဘာပေ ကတော့ သူဟာ လက်ရှိအချိန်အထိ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့တော့မယ် သတင်းတွေကိုလည်း ငြင်းဆိုသွားခဲ့ပါတယ်။

အမ်ဘာပေက – “ကျွန်တော်က ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးပါဘူး။ ကျွန်တော့်ဘက်က ဘာတခုမှကို မဆုံးဖြတ်ရသေးတာပါ။ ကျွန်တော်တို့အသင်းက မကြာခင်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရတော့မှာပါ။ တကယ်လို့ အခုချိန်မှာ ကျွန်တော့်ဘက်က ကျွန်တော် ဘာလုပ်ချင်လဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်ရင်တောင် ကိုယ့်ရဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ပတ်သတ်ပြီး မပြောချင်ပါဘူး။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြပေါ့ဗျာ” လို့ ပြောကြားသွားခဲ့တာပါ။