ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လူငယ်ကြယ်ပွင့် အမ်ဘာပေကတော့ သူဟာ လာမယ့် ဇူလိုင်လမှာ ယှဉ်ပြိုင်ရမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ ကိုယ်စားပြု အနေနဲ့ ပါဝင် ကစားချင်ကြောင်း အင်တာဗျူးတခုမှာ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲ ဆိုတာဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ပြိုင်ပွဲတွေထဲက တခုဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲတွေကို ကနဦးမှာ ဂရိနိုင်ငံက စတင် ကျင်းပခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းတဲ့ သရုပ်သကန်ကို ပြသလိုတဲ့ အတွက် အလှည့်ကျစနစ်နဲ့ နိုင်ငံအစုံမှာ ကျင်းပခဲ့ကာ ယခုနှစ် အလှည့်ကျ အိမ်ရှင်ကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အိုလံပစ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ဩဇာတိက္ကမ ကြီးမားတဲ့ ပြိုင်ပွဲတခု ဖြစ်တာနဲ့အညီ အိုလံပစ်ပြိုင်ပွဲမှာ အားကစားနည်းပေါင်းစုံ ပါဝင်ပြီး အဆိုပါ အားကစားနည်းတွေထဲမှာ ဘောလုံး အားကစားနည်းလည်း ပါဝင်ကာ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့် မက်ဆီ ၊ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် နေမာတို့ဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖူးကာ ရွှေတံဆိပ်ဆုတွေ ရယူနိုင်ခဲ့ကြတဲ့ နာမည်ကြီး ကြယ်ပွင့် ဘောလုံးသမားတွေထဲက နှစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အသက် ၂၃နှစ်အောက် လူငယ်ကြယ်ပွင့် ကစားသမားတွေဟာ အိုလံပစ်ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆုကို ရယူနိုင်ဖို့ စိတ်ကူးရှိကြပြီး အသက် ၂၂နှစ်သာ ရှိသေးတဲ့ အမ်ဘာပေက သူဟာ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Standard

တိုကျိုအိုလံပစ်ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အမ်ဘာပေက – “ကျွန်တော်တို့ ဘောလုံးသမားတွေ အတွက် တစ်နိုင်ငံလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိတာက အရမ်းကို အရေးပါပါတယ်။ ကျွန်တော်ဟာ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အိမ်မက် ရှိတာကို လူတိုင်း သိကြပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့တာပါ။ လာမယ့် ဇွန်လမှာ အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲကို ဝင်ရောက် ကစားမှာ ဖြစ်တာကြောင့် ဇူလိုင်လမှာ ယှဉ်ပြိုင် ကစားရမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲမှာသာ ထပ်မံ ဝင်ရောက် ကစားပါက သူ့ရဲ့ ကြံ့ခိုင်မှုအပိုင်းဟာ အနည်းငယ် စိုးရိမ်စရာ ရှိနေပေမယ့် အမ်ဘာပေကတော့ သူဟာ ပြိုင်ပွဲကြီး နှစ်ခုစလုံးမှာ အနိုင်ရချင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။