ပြင်သစ်အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ပြင်သစ်သားလေး အမ်ဘာပေ ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီိးဖိုင်နယ်အဆင့် ပွဲစဉ်မှာ လစ်ဇက်အသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်း နိုင်ခဲ့အပြီးမှာ သူတို့ဟာ ချန်ပီယံလိဂ်ဖလား ကို ပစ်မှတ်ထား ကြိုးစားသွားမယ်လို့ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေက အကယ်၍ သူတို့သာ ယခုနှစ်မှာ ရွှေဘောလုံးဆုကို ရခဲ့ပါက သူ့ရဲ့ အသင်းဖော် ဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ရရှိသင့်တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါသေးတယ်။

Photo Credit: The Star

ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ လစ်ဇက် အသင်းကို သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူ နိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အမ်ဘာပေနဲ့ နေမာတို့ဟာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့် လစ်ဇက်အသင်းရဲ့ နောက်တန်းကိုတော့ ဒုက္ခပေး နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်း အတွက် သွင်းဂိုးတွေ ကိုတော့ ဗဟိုနောက်ခံလူ မာကွင်ဟို ၊ တောင်ပံ ကစားသမား ဒီမာရီယာနဲ့ ဘယ်နောက်ခံလူ ဘားနက်တို့က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ လစ်ဇက်အသင်းကို အနိုင်ယူ နိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်း ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီကို အသင်းရဲ့ သမိုင်းမှာ ပထမဦးဆုံး အကြိမ် အဖြစ် တက်လှမ်း သွားနိုင်ခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင် ကစားရမှာပါ။

Photo Credit: The Star

ယခုနှစ်မှာ သူတို့အသင်းသာ ချန်ပီယံလိဂ် ဖလားကို ရရှိပါက အသင်း​ဖော် နေမာဟာ ရွှေဘောလုံးဆုကို ရရှိသင့်ကြောင်းကို အမ်ဘာပေ က ” တကယ်လို့ ကျွန်တော်တို့သာ ချန်ပီယံလိဂ် ဖလားကို ရခဲ့ရင် နေမာဟာ ရွှေဘောလုံးဆုကို ရရှိနိုင်လိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ရွှေဘောလုံးဆုကို ရရှိချင်သလို ကျွန်တော် ကလည်း ရွှေဘောလုံးဆုကို သူ ရရှိအောင် လုပ်ပေးချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ် ဖလားကို အရယူမယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ” လို့ ပြောကြားသွားခဲ့တာပါ။