ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ ကတော့ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး ဖြစ်သူ ပူပူနွေးနွေး ရွှေဘောလုံးဆုရှင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် အသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့ဟာ ယခုနှစ်မှာမှ အတူတကွ တွဲဖက် ကစားကြရသူတွေ ဖြစ်ပေမယ့် အတွဲညီနေတဲ့ တိုက်စစ်အတွဲ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

Photo Credit: Goal

အမ်ဘာပေနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ တိုက်စစ်အတွဲဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ပါဝင် ကစားထားရာ နှစ်ဦးပေါင်း သွင်းဂိုး ၉ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အမ်ဘာပေနဲ့ မက်ဆီတို့ရဲ့ တိုက်စစ်အတွဲဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်း ရရှိမယ့် ဆုဖလား အောင်မြင်မှုတွေ အတွက် သော့ချက် ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိလာခဲ့ပြီး အမ်ဘာပေ ကတော့ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တာကြောင့် မက်ဆီနဲ့ တွဲကစားရတာက လွယ်ကူကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက – “မက်ဆီနဲ့ တွဲဖက် ကစားရတာက လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေလို့ပါ။ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရွှေဘောလုံးဆုကို ရရှိထားတဲ့လူပါ။ ဒီနေ့ပွဲမှာ သူက သွင်းဂိုး ၂ဂိုး သွင်းခဲ့တယ်။ ပြီးတော့ ပျော်လည်း ပျော်နေတယ်။ ဒါကြောင့် သူက အနာဂတ်မှာ ကျွန်တော်တို့ကို အများကြီး ကူညီနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ဘရုဂေးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့တာပါ။