နာမည်ကျော် ဘောလုံးအေးဂျင့် တဦး ဖြစ်သူ ဂျော့စ်မန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နေရာရဖို့ ရုန်းကန်ရတော့မယ့် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ပြင်သစ် အင်အားကြီး ကလပ် ပီအက်စ်ဂျီအသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

ဂျော့စ်မန်ဒက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းက ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အစီအစဉ်မှာ ကြားခံလူ တဦးအဖြစ် ပါဝင် လုပ်ကိုင်ပေးနေတဲ့ အေးဂျင့်တဦး ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက အစားထိုး ကစားသမား ရှာဖွေဖို့ မလွယ်ကူတာကြောင့် အမ်ဘာပေကို လက်လွှတ်ဖို့ ငြင်းဆန်နေချိန်မှာ အခုလို မာရှယ်ကို ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး မာရှယ်ဟာ လက်ရှိမှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် ဘောလုံးအရည်အသွေး ပြည့်ဝတဲ့ ကစားသမား တဦး ဖြစ်သလို မိုနာကို အသင်းမှာ ကစားခဲ့စဉ်က ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့သူပါ။

တဖက်မှာလည်း မာရှယ်ရဲ့ လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မာရှယ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းတန် ကမ်းလှမ်းမှု ရရှိခဲ့ပါက မာရှယ်ကို လက်လွှတ်ဖွယ် ရှိနေတာကြောင့် မန်ဒက်ဟာ မာရှယ်ကို ခေါ်ယူပြီး အမ်ဘာပေကို ရောင်းထုတ်ဖို့ ပီအက်စ်ဂျီအသင်းအား တိုက်တွန်းနေတာပါ။

Photo Credit: Express

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်းတန် ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး အကယ်၍ ပီအက်စ်ဂျီအသင်းကသာ ခေါင်းညိတ်လိုက်ပါက အမ်ဘာပေနဲ့ မာရှယ်ရဲ့ အပြောင်းအရွှေ့ဟာ ချက်ချင်း ဖြစ်ပေါ်လာနိုင်တာကြောင့် အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ နီးကပ်လာချိန်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပါ။