နာမည်ကျော် ဘောလုံးဝက်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ Who Socred ကနေ ဒီရက်ပိုင်းအတွင်းမှာ ဒီနှစ်ဘောလုံးရာသီအတွင်း အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကိုစုစည်းပြီး The Best 11 Team တွေကို ဖော်ပြလာခဲ့ရာ အခုဆိုရင်လည်း ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း ယူ-၂၁အောက် လူငယ်ကစားသမားတွေထဲမှ အကောင်းဆုံးကစားသမား(၁၁)ယောက်ကို စုစည်းဖော်ပြလာခဲ့ရာ ဒေါ့မွန်အသင်းက လူငယ်ကစားသမား(၄)ယောက်အထိကို ပါဝင်လာခဲ့ကာ အားလုံးလိုလိုက ဂျာမန်ဘွန်ဒက်လီဂါက ကစားသမားတွေဖြစ်နေခဲ့ပါတယ်။

Photo Credit : NewsBuzzer

ဒီ ယူ-၂၁အောက် အကောင်းဆုံးကစားသမားစာရင်းကို ၄-၄-၂ ကစားကွက်ပုံစံနဲ့ ရွေးချယ်ထားခဲ့တာဖြစ်ပြီး ဂိုးသမားနေရာမှာ စတိတ်ဒီရန်းစ်အသင်းရဲ့ ဆာဘီးယားလက်ရွေးစင်ဂိုးသမား ရာ့ချ်ကိုဗစ်က ရွေးချယ်ခံခဲ့ရပါတယ်။ ဒီဂိုးသမားက အသက်(၂၄)နှစ် ရှိနေတယ်ဆိုပေမယ့် Who Scored က ဂိုးသမားနေရာအတွက် စည်းကမ်းချက်တစ်မျိုး ထုတ်ပြန်ထားတာမို့ အသက်(၂၁)အထက် ဂိုးသမားလေးဖြစ်တဲ့ ရာ့ဂျ်ကိုဗစ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ နောက်ခံနေရာမှာတော့ ဒေါ့မွန်နောက်ခံလူတွေဖြစ်တဲ့ ဟာခီးမီး ဇာဂါဒူးလ် လိုက်ဇ်ပစ်နောက်ခံလူ အယ်ပါမီကာနိုနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံအစွန်လူ အယ်ဖွန်ဆိုဒေးဗီစ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : Fear the Wall

ဆိုတော့ နောက်တန်းတစ်ခုလုံး ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ကစားသမားတွေသာ ရွေးချယ်ခံခဲ့ရပြီး အာဆင်နယ်အသင်းရဲ့ကစားသမားလေးဆာခါ လီဗာပူးလ်နောက်ခံလူ အာနိုးတို့ မပါဝင်လာတဲ့အပေါ် ပရိသတ်တချို့က မကျေမနပ်ဖြစ်နေကြပါတယ်။ ကွင်းလယ်(၄)ယောက်အဖြစ် ဒေါ့မွန်တောင်ပံလူ ဂျေဒန်ဆန်ချို ရီးရဲလ်ဆိုစီဒက် ကွင်းလယ်ကစားသမား အော်ဒီဂွာ ရက်ဘူးလိုက်ပ်ဇစ် ကွင်းလယ်ကစားသမားအန်ကူကူနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်တို့ကို ရွေးချယ်ထားပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူးလေး အမ်ဘာပေနဲ့ ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းတို့ကတော့ ဒီရာသီ ယူ-၂၁ အကောင်းဆုံးအသင်းရဲ့တိုက်စစ်နေရာမှာ ရွေးချယ်ခံခဲ့ရပြီး မာတီနယ်လီတို့ အေဘရာဟမ်တို့ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။