ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကတော့ ပီအက်စ်ဂျီကနေ ထွက်တော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချသွားပြီး သူဟာ ပြင်သစ်မြေမှာ အရမ်းကို ပျော်နေပါတယ်လို့ ပီအက်စ်ဂျီ ၁-၀ မာဆေးလ် ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ မပျော်တော့တာကြောင့် မကြာခင်မှာပဲ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားတော့မယ် ဆိုတဲ့ ကောလာဟာလ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: The Sun

အထူးသဖြင့် စပိန်နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ မော်လီနာ ၊ ကော်တက်ဂ်ညာတို့ ကိုယ်တိုင်က အမ်ဘာပေဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာ ၊ အားကစားဒါရိုက်တာ ကန်ပို့စ်နဲ့ အမ်ဘာပေတို့ ကြားထဲမှာ ဆက်ဆံရေး ပြိုလဲနေပြီလို့ ဖော်ပြလာတာကြောင့် ပရိသတ်တွေက အမ်ဘာပေဟာ တကယ်ပဲ ပီအက်စ်ဂျီကို စွန့်ခွာတော့မှာလား ဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

ဒါကြောင့်ပဲ အမ်ဘာပေရဲ့ အင်တာဗျူးတွေမှာ သတင်းထောက်တွေက အမ်ဘာပေဟာ ပီအက်စ်ဂျီကို စွန့်ခွာတော့မှာလား ဆိုတဲ့ မေးခွန်းတွေကို တရစပ် မေးမြန်းနေကြပြီး အမ်ဘာပေကတော့ သူဟာ ပီအက်စ်ဂျီမှာ ပျော်ရွှင်နေတာကြောင့် အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေသာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

အမ်ဘာပေက – “ကျွန်တော်က အသင်းမှာ အရမ်းကို ပျော်နေပါတယ်။ ပြီးတော့ ဇန်နဝါရီမှာ အသင်းပြောင်းခွင့် ပေးဖို့လည်း ဘယ်တုန်းကမှ တောင်းဆိုခဲ့တာမျိုး မရှိပါဘူး။ အဲ့ဒီသတင်းက ကျွန်တော်တို့တွေ ပွဲကစားရမယ့်နေ့မှာပဲ ထွက်လာခဲ့တာပါ။ ကျွန်တော်ဖြင့် ဘယ်လိုမှကို နားမလည်နိုင်ပါဘူး။ ကျွန်တော်က အဲ့ဒီသတင်းတွေ ဘယ်ကနေ ထွက်လာတာလဲ ဆိုတာကိုလည်း မသိပါဘူး။ ကျွန်တော်လည်း တခြားသူတွေလိုပဲ သတင်းကို မြင်လိုက်ရတဲ့ အချိန်မှာ အတော်ကို အံ့ဩသွားခဲ့ရပါတယ်။ လူတွေကတော့ ကျွန်တော်ဟာ ဒီသတင်းတွေကို စဖြန့်ခဲ့တယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ဒီသတင်းတွေနဲ့ ဘယ်လိုမှ မပတ်သတ်ပါဘူး။ သတင်းတွေ ထွက်လာတဲ့ အချိန်မှာ ကျွန်တော်က တရေးတမော အိပ်ပြီး နားနေခဲ့တာပါ။ ဒါကြောင့် အပြောင်းအရွှေ့ သတင်းတွေ အားလုံးက လုံးဝ သတင်းမှားတွေပါလို့ ပြောချင်ပါတယ်။ ကျွန်တော်က အသင်းမှာ အရမ်း ပျော်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။