ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ပြင်သစ်စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေဟာ အခု အောက်တိုဘာလထဲမှာ ယှဉ်ပြိုင်သွားရမယ့် နိုင်ငံတကာ ရက်သတ္တပတ်အတွက် ပြင်သစ် လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းမှာ ထည့်သွင်းရွေးချယ်ခံရခြင်း ချန်လှပ်ခံခဲ့ရပါတယ်။
အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘာပေဟာ ပြင်သစ်အသင်းအတွက် အားအထားရဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ပြင်သစ်အသင်း သမိုင်းတစ်လျှောက်မှာလည်း သွင်းဂိုးအများဆုံး တတိယမြောက် ကစားသမားအဖြစ်နဲ့ပါ သွင်းဂိုး (၄၈)ဂိုးနဲ့ ရပ်တည်လျက် ရှိနေပါတယ်။
Photo Credit : CNN
ဒါပေမယ့် လက်ရှိမှာတော့ ဘာပေက ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အသင်းအတွက် သွင်းဂိုး (၁)ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက UEFA Nations League ပွဲစဉ် (၂)ပွဲမှာလည်း ဂိုးပေါက်ပျောက်ထားခဲ့ရပါသေးတယ်။
ပြင်သစ်ဘက်ကတော့ ဘာပေရဲ့ ကျဆင်းလာတဲ့ ဂိုးသွင်းအားတွေကြောင့် ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာမျိုး မဟုတ်ဘဲ ဘာပေအနေနဲ့ မကြာသေးခင်ကမှ ပေါင်ကြွက်သားဒဏ်ရာကနေ သက်သာလာတာဖြစ်တာကြောင့် အနားပေးဖို့အတွက် အခုလို ချန်လှပ်ထားတာပဲ ဖြစ်ပါတယ်။
Photo Credit : Equipe de France’s X
ဘာပေကို အနားပေးထားတဲ့ ပြင်သစ်အသင်းဟာ တိုက်စစ်ပိုင်းမှာတော့ ပီအက်စ်ဂျီ ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီ ဘာကိုလာ မူအာနီတို့အပါအဝင် ဘိုင်ယန်မြူးနစ်က အိုလီဆေး အင်တာမီလန်က သူရမ်နဲ့ ချယ်လ်ဆီးအသင်းက အန်ကွန်ကူတို့ကို ထည့်သွင်းထားခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ UEFA Nations League ပြိုင်ပွဲမှာ အီတလီ ဘယ်လ်ဂျီယံ အစ္စရေးလ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပြီး အီတလီကို ရှုံးနိမ့်ခဲ့ပေမယ့် ဘယ်လ်ဂျီယံကိုတော့ အနိုင်ယူထားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပြင်သစ်အသင်းက အစ္စရေးလ် ဘယ်လ်ဂျီယံတို့နဲ့ ရင်ဆိုင်သွားရဦးမှာဖြစ်ပြီး နောက်ဆုံးပွဲဖြစ်တဲ့ အီတလီနဲ့ ဒုကျော့ပွဲကိုတော့ နိုဝင်ဘာမှ ကစားသွားရပါမယ်။