ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေက လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီကို စွန့်ခွာဖြစ်ရင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

အမ်ဘာပေက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် သူသာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ် ဆိုရင် ဥရောပရဲ့ ထိပ်သီးအသင်း အတော်များများက သူ့ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပြီး အမ်ဘာပေကတော့ သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရအောင် ကူညီပေးနိုင်မယ့် အသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

လတ်တလောမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပေမယ့် အမ်ဘာပေနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေက ရီးရဲလ်မက်ဒရစ်ရဲ့ လုပ်ခလစာ ပေးချေမှုကို သဘောမကျတာကြောင့် အသင်းပြောင်းဖို့ တွေနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ အမ်ဘာပေက ပြင်သစ် ဂန္တဝင် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီကို သဘောကျတာကြောင့် အွန်နရီရဲ့ အသင်းဟောင်း အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေပြီး သူသာ အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားဖြစ်ရင် အွန်နရီလို အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်း သိရှိရပါတယ်။

လက်ရှိမှာ အာဆင်နယ် အပြင် လီဗာပူး ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေကလည်း အမ်ဘာပေကသာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ချင်နေတယ် ဆိုရင် အပြိုင်အဆိုင် ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေကြပြီး မန်ချက်စတာ စီးတီးကလည်း ဟာလန်းကို လက်လွှတ်လိုက်ရရင် အမ်ဘာပေကို ခေါ်ယူတာမျိုး ဖြစ်လာနိုင်ပါတယ်။