MySport Myanmar

(၁၆)သင်းအဆင့်မှာ အသက်လက်တီကိုနဲ့ ပိုပြီး ဆုံတွေ့ချင်တယ်လို့ ဘာပေ ဖွင့်ဟ

ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့်မှာ မန်ချက်စတာ စီးတီးအသင်းကို နှစ်ကျော့လုံး အနိုင်ယူပြီး ကျော်ဖြတ်လာနိုင်ခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက ရှုံးထွက် (၁၆)သင်းအဆင့်မှာ မြို့ခံကလပ် အသက်လက်တီကို မက်ဒရစ်နဲ့ ပိုပြီး တွေ့ဆုံချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးနဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးယဲလ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ပုံစံသစ် league phase မှာ ထိပ်ဆုံး (၈)သင်းအတွင်း ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ရှုံးထွက် ပလေးအော့အဆင့်ထိ ကစားခဲ့ရပြီး ဒီအဆင့်မှာတော့ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit : Reuters

ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ (၁၆)သင်းအဆင့်မှာ အသက်လက်တီကို ဒါမှမဟုတ် လေဗာကူဆင်အသင်းထဲကမှ တစ်သင်းသင်းနဲ့ တွေ့ဆုံသွားရမှာဖြစ်ပြီး ဒီအသင်းထဲကမှ မက်ဒရစ် မြို့ခံကလပ်ဖြစ်တဲ့ အသက်လက်တီကို မက်ဒရစ်အသင်းနဲ့ ပိုပြီး ဆုံချင်တယ်လို့ ဘာပေက ဆိုလိုက်ပါတယ်။

ဘာပေက “လေဗာကူဆင် ဒါမှမဟုတ် အက်သလက်တီကိုလား နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ရမလဲ။ နှစ်သင်းလုံးကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အက်သလက်တီကိုနဲ့ ဆုံရတာကိုပဲ ပိုကြိုက်ပါတယ်။ သူတို့နဲ့သာ တွေ့ရမယ်ဆိုရင် ခရီးသွားစရာ မလိုတော့ဘူးလေ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒီနွေမှ ပီအက်စ်ဂျီကနေ ရီးယဲလ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ ပြင်သစ်စူပါစတား ဘာပေဟာ ရာသီအစကတော့ အထောင်တိုက်စစ်မှာ ကစားရရင်း ဂိုးသိပ်မသွင်းနိုင်လို့ ဝေဖန်ခံခဲ့ရပေမယ့် လက်ရှိမှာ ဘာပေက ပြိုင်ပွဲစုံ (၃၇)ပွဲကစား (၂၇)ဂိုးအထိတောင် သွင်းယူထားသလို (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးနဲ့ပွဲမှာ ဟက်ထရစ်ပါ ရယူနိုင်ခဲ့တဲ့ ဘာပေဟာ ရီးယဲလ်ကစားသမားဘဝမှာ ဒုတိယမြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး ပထမဆုံး ဟက်ထရစ်ကိုတော့ ဗယ်လာဒိုးလစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာပေဟာ ဒီရာသီ ချန်ပီယံလိဂ်မှာလည်း (၇)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version