ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မှော်ဆန်တဲ့ ညတွေကို တွေ့ကြုံခံစားဖို့အတွက် ရီးယဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘာပေဟာ ဒီနွေမှာပဲ ပီအက်စ်ဂျီကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အခုဆိုရင် ရီးယဲလ်ရဲ့ တိုက်စစ်ပိုင်းမှာ ဗင်နီစီယပ်စ် ရိုဒရီဂို ဘယ်လင်ဟမ်တို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ တွဲဖက် ကစားခွင့်ရနေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Reuters

ဘာပေဟာ ပီအက်စ်ဂျီမှာ ကစားခဲ့စဉ်က ပြည်တွင်း ဆုဖလားတွေ အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ကိုလည်း နှစ်တိုင်း ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာ ဖိုင်နယ်အဆင့်ထိသာ ရောက်ရှိခဲ့ပြီး ဆုဖလားကြီးနဲ့တော့ လွဲချော်ထားခဲ့ရပါတယ်။ ရီးယဲလ်ကတော့ ချန်ပီယံလိဂ်မှာ ဒီနှစ်ပိုင်းအတွင်းမှာပဲ ချန်ပီယံလိဂ် အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းပါ ဖြစ်နေပါတယ်။

ဘာပေအနေနဲ့ကလည်း ရီးယဲလ်မက်ဒရစ်က သူရဲ့အိမ်မက် ကလပ်အသင်း ဖြစ်နေသလို ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အရည်အသွေးမျိုး ရှိနေတဲ့ အသင်းဖြစ်လို့ ဒီအသင်းကြီးဆီ free transfer နဲ့ပါ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဘာပေဟာ ရီးယဲလ်ဂျာစီကို ဝတ်ဆင်ပြီး ချန်ပီယံလိဂ် ပွဲစဉ်တွေကို စတင် ဆင်နွဲသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : ESPN

“ဒီလို မှော်ဆန်တဲ့ ညတွေကို တွေ့ကြုံခံစားဖို့အတွက် ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာပါ။ အခုတော့ ကျွန်တော် ဒီခံစားချက်တွေကို ခံစားရတော့မှာမို့ မပြုံးရွှင်ပဲကို မနေနိုင်ဘူး။ အရမ်း စိတ်လှုပ်ရှားနေရပါတယ်။” လို့ ဘာပေက ချန်ပီယံလိဂ်ပွဲအကြို ရင်ခုန်သံအဖြစ် ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ league phase အဖြစ် စတုဂတ် လိုင်လီ ဒေါ့မွန် အေစီမီလန် လီဗာပူးလ် အတ္တလန်တာ ဆာလ်ဇ်ဘာ့ဂ် ဘရက်စ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အခု တစ်ပတ်မှာပဲ ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်နဲ့ ရင်ဆိုင်သွားရပါမယ်။