အသက်၂၁နှစ် အရွယ်သာ ရှိသေးပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူထားနိုင်သလို လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး လူငယ် ဘောလုံးသမား အဖြစ် သတ်မှတ်ခံထားရသူကတော့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေပဲ ဖြစ်ပါတယ်။ အမ်ဘာပေဟာ အသက်၂၁နှစ် အရွယ်သာ ရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ပြင်သစ်မြေမှာတော့ ရယူနိုင်တော့ ဖလားအကုန်ကို ရရှိပြီးသူ ဖြစ်ပြီး ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို တစ်ကြိမ် ၊ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်နဲ့ ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို တစ်ကြိမ်အထိ ရယူထားနိုင်သူပါ။

Photo Credit: Metro

ဒါ့ကြောင့် အမ်ဘာပေဟာ အသက်အရွယ်နဲ့ မလိုက်အောင် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ သတ်မှတ် ရနိုင်ပြီး သူ့အတွက် နောက်ထပ် လိုအပ်နေတဲ့ ဆုတံဆိပ်ကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပဲ ဖြစ်ပါတယ်။ အမ်ဘာပေ ဟာ အသက်၂၀စွန်းစွန်းသာ ရှိသေးပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၀ဦးစာရင်း မှာ နှစ်ကြိမ်တိုင်တိုင် ပါဝင်နိုင်ခဲ့ပြီး ၂၀၁၇ခုနှစ် မှာ နံပါတ်၇နေရာမှာ ရပ်တည်နိုင်ခဲ့သလို ၂၀၁၈ ခုနှစ်မှာလည်း နံပါတ်၆နေရာမှာ ရပ်တည်နိုင်ခဲ့သူပါ။ ဒါ့ကြောင့်လည်း ဘောလုံးကျွမ်းကျင်သူတွေက အမ်ဘာပေဟာ အနာဂတ်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့် ကစားသမားလို့ သတ်မှတ်ထားကြတာပါ။ ဒါပေမယ့် အမ်ဘာပေကတော့ သူ့အတွက် တစ်ဦးချင်း ဆုတံဆိပ်တွေထက် အသင်းလိုက် ဆုဖလားတွေ ရရှိဖို့ကသာ အရေးကြီးတယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

Photo Credit: Metro

သူ့ရဲ့ဘဝမှာ အရေးအကြီးဆုံး အရာတွေနဲ့ ပတ်သတ်ပြီး အမ်ဘာပေက ” အရေးကြီးတာ ကတော့ နိုင်ငံအသင်းနဲ့ အောင်မြင်မှုတွေ ထပ်မံ ရရှိဖို့ပါပဲ။ ကျွန်တော်တို့ဟာ နောက်နှစ်မှာ ကစားရမယ့် ဥရောပဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အတွက် ပစ်မှတ်ထားနေပါတယ်။ ဥရောပဖလားကို အနိုင်ရဖို့က ကျွန်တော့်အတွက် အကြီးမားဆုံး ရည်မှန်းချက်ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့အတူ အသင်းရဲ့ ပထမဦးဆုံး ချန်ပီယံလိဂ် ဖလားကို အရယူနိုင်ရင်လည်း ဒါက အရမ်းကို ထူးခြားသွားမှာပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အဲ့ဒီအရာကို အစွဲအလမ်း မထားပါဘူး။ အမြဲတမ်း ကျွန်တော့်အတွက် အရေးအကြီးဆုံး အရာတွေက ပီအက်စ်ဂျီအသင်းနဲ့ နိုင်ငံအသင်းပါပဲ။ တကယ်လို့ ကျွန်တော့်ရဲ့ ခြေစွမ်းကောင်းတွေကြောင့် တစ်ဦးချင်းဆုတွေ ထပ်ရရင်တော့ ဒါက အပိုဘောနပ်စ်ရတယ်လို့ပဲ သတ်မှတ်ထားပါတယ် ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ​။