ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ အမ်ဘာပေ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ငယ်စဉ်ကတည်းက လေးစား အားကျရတဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ အတွက် ပျော်ရွှင်နေတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေဟာ ငယ်စဉ်ထဲက စီရိုနယ်ဒိုကို လေးစား အားကျခဲ့သူ ဖြစ်ပြီး သူ့ရဲ့ အိပ်ခန်းထဲမှာ ရိုနယ်ဒိုရဲ့ ပုံတွေ ခန်းလုံးပြည့် ကပ်ခဲ့တဲ့ အထိ ရူးသွပ်ခဲ့သူ တစ်ဦးပါ။

Photo Credit: SportBible

အမ်ဘာပေဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦး ဖြစ်လာပြီးတဲ့နောက်မှာလည်း ရိုနယ်ဒိုဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ် တစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း တဖွဖွ ဖွင့်ဟ ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမ်ဘာပေဟာ ရိုနယ်ဒိုနဲ့ အပြင်မှာ ထပ်မံ တွေ့ဆုံရခြင်း မရှိတော့ပဲ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အမ်ဘာပေဟာ ရိုနယ်ဒိုနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတော့တယ်။ ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အမ်ဘာပေနဲ့ ရိုနယ်ဒိုတို့ဟာ ပြိုင်ဘက် ကစားသမားတွေ အဖြစ် ရင်ဆိုင်ခဲ့ကြ ရပေမယ့် သူတို့နှစ်ဦးစလုံးဟာ ပျော်ရွှင်နေကြတာကို အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: SportBible

အထူးသဖြင့် ရိုနယ်ဒိုနဲ့ အနီးကပ် တွေ့ဆုံရတိုင်းမှာ ဖုံးဖိမရတဲ့ အပြုံးတွေဟာ အမ်ဘာပေရဲ့ မျက်နှာပေါ်မှာ ပေါ်လာတာကို တီဗွီဖန်သားပြင် ကနေ အတိုင်းသား မြင်တွေ့နေရပြီး ရိုနယ်ဒိုဟာလည်း အမ်ဘာပေနဲ့ ဆုံတွေ့ခွင့် ရရှိတာကို ကျေနပ်နေပုံပါပဲ။ အဆိုပါပွဲစဉ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ အမ်ဘာပေဟာ သူ ဘယ်လောက်အထိ ပျော်ရွှင်နေလဲ ဆိုတာကို သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ပရိသတ်တွေကို အသိပေးသွားခဲ့ပြီး “ IDOL “ ဆိုတဲ့ စာလုံးနဲ့အတူ သရဖူပုံ ၊ GOAT ဆိုတဲ့ စာလုံးကို ရည်ညွှန်းတဲ့ ဆိတ်ပုံတို့နဲ့ အတူ ရိုနယ်ဒိုကို Tag တွဲကာ ပို့စ်တစ်ခု တင်ခဲ့တာပဲ ဖြစ်ပါတယ်။