MySport Myanmar

စာချုပ်သစ် မချုပ်ဘူးလို့ ပြောမိခဲ့တာကြောင့် သန်း ၁၀၀ကျော် ဒဏ်ရိုက်ခံခဲ့ရတဲ့ ဘာပေ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ သူဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ဘူးလို့ သတင်းဖြန့်မိခဲ့တာကြောင့် ယူရို ၁၀၀သန်းကျော် ဒဏ်ရိုက်ခံခဲ့ရကြောင်း ပြင်သစ်သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် အမ်ဘာပေက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာမှ ပီအက်စ်ဂျီနဲ့ ၂နှစ် + အပို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူ ဖြစ်ပေမယ့် စာချုပ်သစ် ချုပ်ပြီးပြီးချင်းမှာပဲ သူဟာ စာချုပ်ထဲမှာ ပါတဲ့ အပို ၁နှစ် သက်တမ်းတိုးခွင့်ကို သဘောတူမှာ မဟုတ်ကြောင်း ပီအက်စ်ဂျီထံ အကြောင်းကြားခဲ့ပါတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အမ်ဘာပေက ပီအက်စ်ဂျီထံ စာချုပ်သစ် ထပ်ချုပ်မှာ မဟုတ်ကြောင်း ရေးသားကာ ပေးပို့ခဲ့တဲ့ စာဟာ ပေါက်ကြားခဲ့ပြီး ပီအက်စ်ဂျီဘက်က အမ်ဘာပေဟာ စာချုပ်သစ် မချုပ်မယ့်အကြောင်းကို တမင်တကာ သတင်းပေါက်စေခဲ့တယ်လို့ ယုံကြည်ကာ အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အမ်ဘာပေကို အသင်းကြီးနဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ပိတ်ခဲ့သလို အသင်းနဲ့ စာချုပ်သစ် မချုပ်ရင် တရာသီလုံး အရန်ခုံ ထိုင်ခိုင်းမယ့် အပြင် လူငယ်အသင်းမှာသာ လေ့ကျင့်ခန်း ဆင်းခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Tribuna

နောက်ပိုင်းမှာတော့ အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ ကြားထဲမှာ ဆွေးနွေးမှု တချို့ ပြုလုပ်ပြီးနောက် အမ်ဘာပေဟာ ပီအက်စ်ဂျီရဲ့ အသင်းကြီးနဲ့ ပြန်လည် ပူးပေါင်းခွင့် ရခဲ့သလို အမ်ဘာပေက ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားပါတယ်။

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ ပြန်လည် ပူးပေါင်းခွင့် ရဖို့ အတွက် သူ ရရှိမယ့် သစ္စာရှိကြေး ယူရို ၁၀၀သန်းကျော်ကို လက်လွှတ်ခဲ့ရပြီး ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့က စာချုပ်သစ် ချုပ်ဖို့ ဆက်လက် ဆွေးနွေးနေပေမယ့် အမ်ဘာပေက စာချုပ်သစ် ထပ်ချုပ်ဖို့ စိတ်ကူးမရှိကြောင်း သိရပါတယ်။

Exit mobile version