ပြင်သစ် လီဂူးဝမ်းအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေဟာ လတ်တလောမှာ သူ့ရဲ့ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ အဆင်မပြေ ဖြစ်နေသလို သူ့ရဲ့ အနာဂတ်ဟာလည်း မတည်မငြိမ် ဖြစ်လာကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ ခုနှစ် အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဒါ့ကြောင့်ပဲ ပီအက်စ်ဂျီ အသင်းဟာ အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် ယခုနှစ် အစောပိုင်း ကတည်းက ကြိုးစားနေတာ ဖြစ်ပေမယ့် အမ်ဘာပေဟာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ် ထားတဲ့ အနေအထားမှာ ရှိတာကြောင့် စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်လာခြင်း မရှိသေးပါဘူး။ လက်ရှိမှာတော့ ပီအက်စ်ဂျီ အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုက စာချုပ်သစ် ကိစ္စနဲ့ ပတ်သတ်ပြီး အမ်ဘာပေကို သတိပေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေဖို့ အတွက် ဘယ်ကစားသမားကိုမှ တောင်းပန်ပြီး ပြောဆိုသွားမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။ လီယိုနာဒိုက “ကျွန်တော်ကတော့ အသင်းရဲ့ ကစားသမားတွေဟာ ပီအက်စ်ဂျီ အသင်းရဲ့ အဆင့်အတန်း ၊ ပြီးတော့ အသင်းမှာ ရှိတဲ့ ရည်ရွယ်ချက် ကြီးမားတဲ့ ကစားသမား အစုအဖွဲ့ကို သဘောကျမယ် လို့ ထင်ပါတယ်”

Photo Credit: Daily Mail

“ကျွန်တော်တို့က သူတို့ရဲ့ ဆန္ဒ ၊ လိုချင်တဲ့ အချက်တွေ ၊ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေ ၊ အဓိပ္ပါယ်တွေ စတဲ့ အချက်တွေ အပေါ် မူတည်ပြီး သဘောတူညီမှု ရရှိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အသင်းက ကျေးဇူးပြုပြီး အသင်းမှာ နေပါ ဆိုပြီး တောင်းပန်သွားမယ့် အသင်း မဟုတ်ပါဘူး။ အဲ့ဒါကို ထည့်တွက်ဖို့ လိုအပ်ပါတယ်” ဆိုပြီး ပြောကြား သွားတာပါ။ လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် ရီးရဲလ် မက်ဒရစ်အသင်း ၊ လီဗာပူးအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့က စိတ်ဝင်စား နေကြပြီး အကယ်၍ အမ်ဘာပေသာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ပါက ပီအက်စ်ဂျီ အသင်းဟာ သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းချသွားရမှာ ဖြစ်ပြီး အမ်ဘာပေရဲ့ အနာဂတ် ဟာ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။