MySport Myanmar

လစာနည်းပါးတာကြောင့် ရီးရဲလ်ဆီ ပြောင်းရွှေ့ဖို့ တွေဝေနေတဲ့ ကိုင်လီယန် အမ်ဘာပေ

ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေက လာမယ့်နွေမှာ ပီအက်စ်ဂျီကို စွန့်ခွာကာ သူ့ရဲ့အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ စိတ်ဝင်စားနေပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုက အတော်လေး နည်းပါးနေတာကြောင့် အသင်းပြောင်းဖို့ တွေဝေနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

 

Photo Credit: Goal

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ရဲ့ စာချုပ်ထဲမှာ ၁နှစ် သက်တမ်း တိုးခွင့် ပါဝင်ပေမယ့် နှစ်ဦးနှစ်ဖက်စလုံးက သဘောတူမှ အဆိုပါ သက်တမ်းတိုးခွင့်ဟာ အသက်ဝင်ဖို့ ရှိနေပြီး လက်ရှိအချိန်အထိ ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့က စာချုပ်သက်တမ်းတိုးခွင့် အတွက် သဘောတူညီမှု မရသေးပါဘူး။

အမ်ဘာပေကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အဆိုပါအခြေအနေကို အခွင့်ကောင်း ယူပြီး အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားနေကာ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေနဲ့ အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေ ကြားထဲမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ အများကြီး ရှိနေပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Atheleticရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ထားပေမယ့် အမ်ဘာပေနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေက မျှော်မှန်းထားတဲ့ လုပ်ခလစာထက် အလွန် နည်းပါးနေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို သဘောမကျတာကြောင့် အခုချိန်အထိ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ သဘောမတူသေးဘူးလို့ သိရှိရပါတယ်။

စပိန်အခြေစိုက် သတင်းဌာနတွေကတော့ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို လက်မှတ်ထိုးကြေး ယူရို ၁၃၀သန်း ပေးအပ်မယ့် အပြင် ၁နှစ် လုပ်ခလစာ ယူရို ၃၀သန်း ဝန်းကျင် ပေးမယ်လို့ ကမ်းလှမ်းထားကြောင်း ဖော်ပြထားကြပါတယ်။ အမ်ဘာပေက ပီအက်စ်ဂျီမှာ ၁နှစ် လုပ်ခလစာ ယူရို ၆၅သန်း ဝန်းကျင် ရရှိနေပါတယ်။

Exit mobile version