ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေ ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအား ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်ကို သဘောမတူကြောင်း Dubai Sports Council ကနေ ကြီးမှူးကျင်းပတဲ့ Globe Soccer Award ဆုပေးပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိပြီးနောက် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ လာမယ့် ၂၀၃၀ပြည့်နှစ် မတိုင်ခင် ကမ္ဘာ့ဖလားပြိုင်ပွဲအား ၄နှစ် ၁ကြိမ် ကျင်းပနေရာ ကနေ ၂နှစ် ၁ကြိမ် ပြောင်းလဲ ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်ကို ထောက်ခံသူတွေ ရှိသလို ကန့်ကွက်သူတွေလည်း များပြားနေပါတယ်။

Photo Credit: AS English

လက်ရှိ ကမ္ဘာ့ဘောလုံး ပြက္ခဒိန်အရ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄နှစ် ၁ကြိမ် ကျင်းပပြီး ကြားထဲမှာ လစ်လပ်နေတဲ့ ၃နှစ် အတွင်းမှာ သက်ဆိုင်ရာ တိုက်ကြီးများ အလိုက် ဖလားပြိုင်ပွဲတွေကို ကျင်းပလေ့ ရှိပါတယ်။

ဖီဖာကတော့ တိုက်ကြီးများအလိုက် ဆုဖလားပြိုင်ပွဲတွေ ကျင်းပနေတာကို သဘောမကျတော့ပဲ အဆိုပါ ပြိုင်ပွဲများအစား ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ ၂နှစ် ၁ကြိမ် ကျင်းပဖို့ ကြိုးစားနေကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပလိုက်ရင် ဘောလုံးအားကစားနည်းက ဒီထက်ပိုပြီး ဖွံ့ဖြိုး တိုးတက်လာလိမ့်မယ် လို့ ပြောဆိုထားပါတယ်။

Photo Credit: AS English

ဒါပေမယ့် ဖီဖာရဲ့ အစီအစဉ်ကို သဘောမကျတဲ့ လူတွေ ဘောလုံးလောကထဲမှာ အများအပြား ရှိနေပြီး အထူးသဖြင့် ထိပ်တန်း ဘောလုံးသမား အများစုက ဖီဖာအပါအဝင် ဘောလုံးအဖွဲ့အစည်းတွေဟာ ပိုက်ဆံ ရဖို့ကိုသာ ဦးစားပေး လုပ်ဆောင်နေကာ ဘောလုံးသမားတွေရဲ့ ကျန်းမာရေး အတွက် အလေးမထားကြဘူး လို့ ယူဆနေပြီး အမ်ဘာပေကလည်း ဖီဖာရဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့ ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအား ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်ကို လက်မခံနိုင်ကြောင်းကို အမ်ဘာပေက – “ကျွန်တော်တို့က ဘောလုံးကစားချင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပမယ် ဆိုတာက လက်မခံနိုင်စရာ ကိစ္စတခုပါပဲ။ တကယ်လို့ ခင်ဗျားတို့ကသာ အရည်အသွေးမြင့်တဲ့ ဘောလုံးပွဲတွေကို ကြည့်ချင်ရင် ကျွန်တော်တို့ကို အနားပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ်သာ ကျင်းပလိုက်ရင် ဒီပြိုင်ပွဲက ထူးခြားတဲ့ ပြိုင်ပွဲတခု မဟုတ်တော့ပဲ သာမန် ပြိုင်ပွဲတခုလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီကိစ္စက လုံးဝကို ဖြစ်မလာသင့်တဲ့ ကိစ္စတခုပါ” လို့ ပြောကြားသွားခဲ့တာပါ။