ပြင်သစ်အသင်းနဲ့အတူ အသက်၂၀အရွယ်မှာပဲ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး အမ်ဘာပေဟာ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ် ပြဿနာနဲ့ ပတ်သတ်ပြီး လှူဒါန်းမှု အများအပြားကို ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အမ်ဘာပေရဲ့ အမိ ပြင်သစ်နိုင်ငံမှာလဲ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ ကူးစက်မှုတွေ ရှိနေကာ အမ်ဘာပေဟာ အိမ်ယာမဲ့တွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ရေတွေ ၊ စားစရာတေ​ွ ၊ ရွှေ့ပြောင်းနိုင်တဲ့ အိမ်တွေကို လှူဒါန်းခဲ့သလို နောက်ထပ် ယူရို ၃၀၀၀၀၀ဖိုး ကိုလည်း နေရာနှစ်နေရာခွဲကာ လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: FotMob.com

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့သူဟာ ၃၂၉၆၄ ယောက်အထိ ရှိနေခဲ့ပြီး လှူဒါန်းမှုတွေ လိုအပ်နေတယ်လို့ ပြင်သစ် အခြေစိုက် ပရဟိတအဖွဲ့အစည်းတွေက အကူအညီတောင်းခံနေကြပါတယ်။ ပဲရစ်မြို့မှာ အခြေစိုက်ထားတဲ့ ပရဟိတအဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Abbe Pierre ကတော့ အမ်ဘာပေဟာ သူတို့အဖွဲ့အစည်းထံကို ဆက်သွယ်လာပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းက ထုတ်ပေးထားတဲ့ Limited Edition အကျီတစ်ထည်ကို ရောင်းရာကနေ ရတဲ့ ယူရို၂၀၀၀၀၀ ကို ပဲရစ်မြို့ ဆေးရုံကို လှူဒါန်းခဲ့သလို နောက်ထပ် ယူရို ၁၀၀၀၀၀ ကို Secours Populaire Francais ပရဟိတအဖွဲ့အစည်းကို လှူဒါန်းခဲ့ပါသေးတယ် လို့ သိရပါတယ်။

Photo Credit: FotMob.com

Abbe Pierre ပရဟိတအဖွဲ့အစည်းရဲ့ ကြေညာမှုမှာတော့ ” ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာရဲ့ အကျိုးဆက် တွေကြောင့် ကျွန်တော်တို့ဟာ လှူဒန်းမှုတွေ အများအပြားကို လိုအပ်နေပါတယ်။ အမ်ဘာပေ ဟာ ကျွန်တော်တို့ Abbe Pierre ရဲ့ အလုပ်တွေ အတွက် ကြီးမားတဲ့လှူဒါန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ သူ့ရဲ့ရက်ရောမှုကြောင့် ကျွန်တော်တို့ဟာ အရေးကြီးတဲ့ ကူညီမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်းလိုအပ်တဲ့ နေရာတွေမှာ ရှိတဲ့လူတွေကို ရေ ၊ စားစရာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့သလို အိမ်ယာမဲ့လူများအတွက်လည်း စားစရာတွေနဲ့ နေစရာအိမ်တွေကို ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အဖွဲ့အစည်းက အမ်ဘာပေကို ကျေးဇူးအများကြီး တင်ပါတယ် ” လို့ အမ်ဘာပေရဲ့ လှူဒါန်းမှုအကြောင်း ပါဝင်ခဲ့ပါတယ်။