ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက လူငယ် တိုက်စစ်မှူးတဦး ဖြစ်သူ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းတွေအပေါ် ယုံကြည်မှု မရှိတော့ပဲ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနိုင်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့လို ဘဏ္ဍာရေးအင်အား တောင့်တင်းတဲ့ အသင်းတွေလည်း ပါဝင်နေပါတယ်။

Photo Credit: ESPN

ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်ခါလိုင်ဖီဟာ ပြီးခဲ့တဲ့လ အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူတို့အသင်းဟာ အမ်ဘာပေကို ရောင်းချသွားမှာ မဟုတ်သလို အမ်ဘာပေကလည်း အသင်းကနေ ထွက်ခွာမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အတူ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အမ်ဘာပေက သူဟာ ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်နေပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမှာ မဟုတ်တော့ကြောင်းနဲ့ အကယ်၍ ပီအက်စ်ဂျီအသင်းကသာ အမ်ဘာပေကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချခြင်း မပြုရင် လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုရဖွယ် ရှိကြောင်း ဖော်ပြလာကြပါတယ်။

Photo Credit: ESPN

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC Sportsရဲ့ ထိပ်တန်း သတင်းထောက် တဦး ဖြစ်သူ ရိုင်အိုလိုက အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သူ သိထားသမျှကို အခုလို ပြောပြလာပါတယ်။ ရိုင်အိုလိုက – “အမ်ဘာပေက ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုရဲ့ စီမံကိန်းတွေကို မယုံကြည်တော့ပါဘူး။ တကယ်လို့ သူကသာ ဒီနွေရာသီမှာ မထွက်ဖြစ်ရင် လာမယ့် နွေရာသီကျရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာ သေချာပါတယ်။ ဒိုဟာ (ပီအက်စ်ဂျီအသင်းရဲ့ ပိုင်ရှင်) ကတော့ အဲ့ဒီလိုမျိုး အဖြစ်ခံမယ် မထင်ပါဘူး။ တကယ်လို့ အမ်ဘာပေကသာ သူ့ရဲ့ အသင်းပြောင်းချင်တဲ့ ဆန္ဒကို ထုတ်ပြောလာရင် သူက အသင်းသစ်ကို စပြီး ရှာဖွေရတော့မှာ ဖြစ်သလို ပီအက်စ်ဂျီအသင်းကလည်း အစားထိုး ကစားသမားကို ခေါ်ယူဖို့ ကြိုးစားရမှာပါ။ ဒီနေ့အတွက် အထူးသတင်းကတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်မနေချင်တော့ဘူး ဆိုတာပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အမ်ဘာပေရဲ့ အသင်းသစ်က ဘယ်အသင်းများ ဖြစ်မလဲ…?