ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ကိုင်လီယန် အမ်ဘာပေက သူတို့အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဒေါ့မွန်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားပေမယ့် အိမ်ကွင်းမှာ ဒေါ့မွန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အမ်ဘာပေရဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ဒေါ့မွန်နဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ကာ ပြီးခဲ့တဲ့အပတ်မှာ ပထမအကျော့ အဖြစ် ဒေါ့မွန်ကို ဂျာမန်မြေမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီက အဝေးကွင်းမှာ ရှုံးနိမ့်ထားတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းချင်ရင် အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်မှာ ဒေါ့မွန်ကို အနိမ့်ဆုံး ၂ဂိုးပြတ် အနိုင်ယူဖို့ လိုအပ်နေပြီး ၂ဂိုးပြတ် အနိုင်မယူနိုင်ရင်တောင် အနိုင်ရအောင် ကစားကာ အချိန်ပို အထိ ဆက်သွားဖို့ ကြိုးစားရပါမယ်။

လက်ရှိခြေစွမ်းပိုင်းအရ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ ကြားထဲမှာ များစွာ ကွာခြားခြင်း မရှိပေမယ့် အိမ်ကွင်းပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ကစားရမယ့် ပွဲစဉ် ဖြစ်တာကြောင့် ပီအက်စ်ဂျီရဲ့ ကစားသမားတွေက သူတို့အသင်းဟာ ဒုတိယအကျော့မှာ နိုင်ပွဲ ရလိမ့်မယ်လို့ ယုံကြည်နေကြပြီး အမ်ဘာပေကလည်း သူတို့အသင်းဟာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: ESPN

အမ်ဘာပေက – “အင်္ဂါနေ့မှာ ကစားရမယ့် ဒေါ့မွန်နဲ့ပွဲ အတွက် ဖိအားတွေလား။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ရောက်ဖို့ လက်တကမ်းသာ လိုတော့တဲ့ အချိန်မှာ ဖိအားတွေက အမြဲတမ်း ရှိနေမှာပါပဲ။ ကျွန်တော်တို့က ဖိအားတွေ ရှိနေတာကို လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တသင်းလုံးက တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော်တို့က ပထမအကျော့ ရလဒ်ကို ပြောင်းပြန်လှန်ပြီး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကို ဗုဒ္ဓဟူးနေ့ မနက် ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပြီး ဘောလုံးရေးရာ သုံးသပ်သူ အများစုကတော့ ပီအက်စ်ဂျီဟာ ဒေါ့မွန်ကို နှစ်ဂိုးပြတ် အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။