ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေ ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပါတယ်။

Photo Credit: Espana

ပီအက်စ်ဂျီအသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ အမ်ဘာပေကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေဖို့ အတွက် စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး အမ်ဘာပေရဲ့ မိသားစုတွင်းမှာလည်း ပီအက်စ်ဂျီအသင်းမှာ ဆက်နေဖို့ တိုက်တွန်းနေသူတွေ ရှိသလို ရီးရဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့စေချင်တဲ့ လူတွေလည်း ရှိနေပါတယ်။

အမ်ဘာပေ ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ သူဟာ ၂၀၂၁ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံခဲ့ထားခဲ့ပေမယ့် စနေနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၂-၁ အန်းဂါး ပွဲစဉ်အပြီးမှာ အမ်ဘာပေက သူဟာ ပီအက်စ်ဂျီ အသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ယက် ကနေ တဆင့် ပရိသတ်တွေကို အသိပေးလာပါတယ်။

Photo Credit: Espana

အမ်ဘာပေက “ အမြဲတမ်း အောင်မြင်မှုတွေကို ဆာလောင်နေပါတယ်။ ကျေးဇူးပါ ပီအက်စ်ဂျီ” ဆိုတဲ့ စာသားနဲ့အတူ ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တာ ဖြစ်ပြီး အဆိုပါ ဓာတ်ပုံဟာ ပီအက်စ်ဂျီအသင်းနဲ့ အမ်ဘာပေတို့ရဲ့ ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်လာကြောင်းကို သက်သေပြနေတယ် လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။