ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် နီးစပ်မှု ရှိနေကြောင်း ယနေ့မနက်ပိုင်းမှာပဲ အမ်ဘာပေရဲ့ မိခင်ဖြစ်သူက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အကယ်၍ စာချုပ်သစ်သာ ထပ်မံ ချုပ်ဆိုနိုင်ခြင်း မရှိပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ရမယ့် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အမ်ဘာပေဟာ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦး ဖြစ်တာကြောင့် သူ့လို ကစားသမားမျိုးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အပေါ် ဥရောပ အသင်းကြီး အများစုက မျက်စိကျနေပြီး စပိန် လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းစား နေပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ သူတို့အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေကို လက်မလွှတ်ရအောင် အစွမ်းကုန် ကြိုးစားနေပြီး အမ်ဘာပေရဲ့ မိခင်ဖြစ်သူ လာမာရီ ကတော့ အမ်ဘာပေရဲ့ အေးဂျင့် အဖြစ် လုပ်ကိုင်နေတဲ့ သူမရဲ့ ခင်ပွန်းဟာ အမ်ဘာပေကို ပီအက်စ်ဂျီအသင်းမှာသာ ဆက်လက် ရှိနေစေချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

အမ်ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လာမာရီက – “ ကိုင်လီယန်ရဲ့ အဖေက သူ့ကို ပီအက်စ်ဂျီမှာပဲ ဆက်ရှိစေချင်နေပါတယ်။ ကျွန်မနဲ့ သူ့ရဲ့ ရှေ့နေကတော့ အသင်းပြောင်းစေချင်ပါတယ်။ ကျွန်မရယ် ၊ ရှေ့နေရယ် ၊ သူ့အဖေရယ်က ဆွေးနွေးမှုတွေမှာ တောက်လျှောက် ပါဝင်ခဲ့ပါတယ်။ ကျွန်မတို့တွေက ပီအက်စ်ဂျီအသင်းရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှုနဲ့ ဒုတိယ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမယ့်သူ ကတော့ ကိုင်လီယန် ကိုယ်တိုင်ပါပဲ” လို့ ဖွင့်ဟထားပါတယ်။