ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေ ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားဖို့ ရှိကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အရိပ်အမြွက် ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၃လကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို ပီအက်စ်ဂျီရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတွေကိုလည်း ငြင်းဆန် ပယ်ချထားသူပါ။

Photo Credit: Goal

အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ တဦး ဖြစ်တာကြောင့် ပီအက်စ်ဂျီက သူ့ကို လက်မလွှတ်ရစေဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် အမ်ဘာပေ ကတော့ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားချင်နေပြီး အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားမှာ အပြောင်းအရွှေ့ အတွက် အကြမ်းဖျင်း သဘောတူညီမှုတောင် ရရှိပြီးပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ယခုအချိန်မှာ အမ်ဘာပေက သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ် ၊ သူ့ရဲ့ စံပြပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ လမ်းစဉ်အတိုင်း လိုက်လံ ကစားဖို့ ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားရင်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားဖွယ် ရှိကြောင်း အရိပ်အမြွက် ပြသွားခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက – “ကျွန်တော်က ရိုနယ်ဒိုရဲ့ ကစားသမား ဘဝကို အတုယူပြီး ရှင်သန်ဖို့ ကြိုးစားသွားပါမယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို တနှစ် လုပ်ခလစာ ယူရို ၄၅သန်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။