MySport Myanmar

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးတော့မယ့် အသင်းခေါင်းဆောင် အမ်ဘာပေ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေမှုတွေကို အဆုံးသတ်ကာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးတော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ ဘောလုံးရာသီ အစမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်ပြီး စာချုပ်က ၁နှစ် + အပို ၁နှစ် စုစုပေါင်း ၂နှစ် သက်တမ်း ရှိပါတယ်။

Photo Credit: Euro Sports

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် ယခု နွေဈေးကွက် အစမှာ သူဟာ စာချုပ်ပါ အပို ၁နှစ်ကို သက်တမ်းတိုးမှာ မဟုတ်ပဲ လာမယ့် ၂၀၂၄ နွေဈေးကွက်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ စဉ်းစားထားကြောင်း ပီအက်စ်ဂျီထံ စာပို့ကာ အသိပေးခဲ့ပါတယ်။

အမ်ဘာပေရဲ့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ ကြိုးစားမှုကြောင့်ပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အမ်ဘာပေကို အတော်လေး ဒေါသထွက်ခဲ့ပြီး ပီအက်စ်ဂျီဟာ အမ်ဘာပေကို အရန်အသင်းဆီ ပို့ကာ လေ့ကျင့်ခန်း ဆင်းခိုင်းခဲ့သလို စာချုပ်သက်တမ်း တိုးရင်တိုး ၊ မတိုးရင် ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့နဲ့ အကယ်၍ မထွက်ခဲ့ရင် တရာသီလုံး အရန်ခုံ ထိုင်ခိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပီအက်စ်ဂျီနည်းပြသစ် အင်းနရစ်နဲ့ အားကစားဒါရိုက်တာ ကန်ပို့စ်တို့ရဲ့ ကြားဝင် စေ့စပ်မှုတွေကြောင့် အမ်ဘာပေနဲ့ ပီအက်စ်ဂျီ ဥက္ကဌ အယ် ခါလိုင်ဖီတို့ရဲ့ ဆက်ဆံရေးက ပြန်လည် တိုးတက်လာခဲ့ပြီး ယမန်နေ့မှာတော့ ပီအက်စ်ဂျီက အမ်ဘာပေကို အသင်းကြီးဆီ ပြန်ခေါ်ခဲ့သလို နှစ်ဦးနှစ်ဖက်ကြားမှာ သင့်တော်တဲ့ သဘောတူညီမှု တခု ရယူနိုင်ဖို့ နီးစပ်နေကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ကိုင်လီယန် အမ်ဘာပေက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို ပီအက်စ်ဂျီနဲ့အတူ ဖြတ်သန်းတော့မှာ ဖြစ်သလို စာချုပ်ထဲမှာ ပါတဲ့ အချက်အလက်အတိုင်း ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း တိုးတော့မယ်လို့ သိရပါတယ်။

Exit mobile version