ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၂လကျော်သာ ကျန်ရှိတော့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကတော့ ယခုအချိန်မှာ သူဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးပေမယ့် ပီအက်စ်ဂျီမှာ ဆက်နေနိုင်ဖို့ ဆိုတာက ဖြစ်နိုင်သေးတဲ့ ရွေးချယ်မှု တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်တာကြောင့် ပီအက်စ်ဂျီက သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက ကြိုးစားနေခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: SPORT

ဒါပေမယ့် ပီအက်စ်ဂျီဟာ အမ်ဘာပေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးသလို စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကလည်း အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတာကြောင့်ပဲ လာမယ့် ဘောလုံးရာသီမှာ အမ်ဘာပေကို ဘယ်အသင်းမှာ မြင်တွေ့ရမလဲ ဆိုတာက ပြောရခက်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၅-၁ လိုရီးယန့် ပွဲစဉ်အပြီးမှာ အမ်ဘာပေက သူဟာ အနာဂတ် အတွက် မဆုံးဖြတ်ရသေးကြောင်းနဲ့ ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆိုတာက ဖြစ်နိုင်တဲ့ အရာတခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

Photo Credit: SPORT

အမ်ဘာပေက – “ကျွန်တော်က အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် မချရသေးပါဘူး။ ဒါကို လူတိုင်း သိကြပါတယ်။ ကျွန်တော်က ဘာလုပ်သင့်လဲ ဆိုတာကို ကျွန်တော့်ရဲ့ မိသားစုနဲ့ တိုင်ပင်နေဆဲပါ။ ကျွန်တော့်ဘက်က အနာဂတ်နဲ့ ပတ်သတ်ပြီး ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေ အများကြီး ရှိနေပါတယ်။ တကယ်လို့ ကျွန်တော့်ဘက်က တခုခုကို ဆုံးဖြတ်ချက် ချပြီးသွားရင် ပရိသတ်တွေ သိအောင် ကြေညာသွားမှာပါ။ ကျွန်တော်က မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို မချချင်ပါဘူး။ ပီအက်စ်ဂျီမှာ ဆက်နေဖို့က ဖြစ်နိုင်တဲ့ အရာတခုပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။