ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ပြင်သစ် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အစ္စတန်ဘူလ်အသင်းတို့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ အပြီးမှာတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားသလို ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံထားရတဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီရဲ့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး ၂၀ပြည့်မြောက်တဲ့ အသက်အငယ်ဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပီအက်စ်ဂျီ အသင်းနဲ့ အစ္စတန်ဘူလ် အသင်းတို့ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

Photo Credit: Goal

အုပ်စုပထမ နေရာအတွက် မနိုင်မဖြစ် နိုင်ရမယ့် ပွဲစဉ်တစ်ခု ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ အဆိုပါ ပွဲစဉ်မှာ လူစုံထုတ် ကစားခဲ့ပြီး ပီအက်စ်ဂျီ အသင်းအတွက် သွင်းဂိုးတွေကို အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့က သွင်းယူပေးခဲ့တာ ဖြစ်ကာ နေမာဟာ ဟက်ထရစ် သွင်းယူ ပေးနိုင်ခဲ့ပြီး အမ်ဘာပေက အဆိုပါ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး ရရှိခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးနှစ်ဂိုးကြောင့် အမ်ဘာပေဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ချန်ပီယံလိဂ်သွင်းဂိုး ၂၀ ပြည့်မြောက် သွားခဲ့ပြီး အမ်ဘာပေ ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၂၀ပြည့်မြောက်တဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို မက်ဆီဆီကနေ လွှဲပြောင်း ရယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

Photo Credit: Goal

မက်ဆီဟာ အသက် ၂၂နှစ် ၂၆၇ရက်မှာ ချန်ပီယံလိဂ် သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပြီး အမ်ဘာပေ ကတော့ မက်ဆီထက် ၁နှစ် နီးပါး ပိုမို ငယ်ရွယ်ကာ အသက် ၂၁နှစ် ၃၅၅ရက်နဲ့ စံချိန်သစ် တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အမ်ဘာပေဟာ အသက် ၂၁နှစ် အရွယ်သာ ရှိသေးပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ၂ကြိမ် ၊ ဖိုင်နယ်အဆင့်ကို ၁ကြိမ် တက်ရောက်ဖူးပြီး ဆုဖလား ရရှိခြင်းတော့ မရှိသေးပါဘူး။ အမ်ဘာပေရဲ့ ကစားသမား ဘဝ ချန်ပီယံလိဂ် မှတ်တမ်း ကတော့ ပွဲ၄၀ ကစားထားရာမှာ ၂၁ဂိုး သွင်းယူ ထားပြီး ဂိုးဖန်တီးမှု ၁၇ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ဗိုလ်စွဲဖို့ အခက်ခဲဆုံး ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တာကြောင့် အမ်ဘာပေရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်တယ် လို့ ဆိုရမှာပါ။