ပြင်သစ်လက်ရွေးစင် အသင်းနဲ့ ပြင်သစ် အင်အားကြီး အသင်း​ ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲမှာ အနည်းငယ် ပြင်းထန်ပုံရတဲ့ ခြေကျင်းဝတ်ဒဏ်ရာ တစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်ဖလား ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီအသင်းဟာ ပုံစံကောင်း ရနေတဲ့ စိန့်အက်တီနီးအသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတာ ဖြစ်ပြီး အဓိက တိုက်စစ် ကစားသမားဖြစ်သူ နေမာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ စိန့်အက်တီနီးအသင်းကို အနိုင် ရကာ ဗိုလ်စွဲခဲ့ပေမယ့် အမ်ဘာပေ တစ်ယောက် ဒဏ်ရာရရှိခဲ့တာကြောင့် အပြည့်အဝ ပျော်ခွင့် မရခဲ့ကြပါဘူး။

Photo Credit: Express

Stade de France ကွင်းထဲမှာ ကစားခဲ့တဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲမှာ နှစ်သင်းစလုံးဟာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့ကြပြီး အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကတော့ ပွဲစတယ်ဆိုတာနဲ့ တိုက်စစ်ကိုသာ ဦးစားပေး ကစားခဲ့ကြပြီး စိန့်အက်တီနီးအသင်း ကို ဖိအားပေးသွားခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ဖြစ်လာမယ့် သွင်းဂိုးကို နေမာက ပွဲချိန် ၁၄မိနစ်မှာကတည်းက သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၂၉မိနစ်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို စိန့်အက်တီနီးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ပါရင်တစ်ယောက် လျှောထိုးဖျက်ထုတ်ခဲ့ရာမှာ အတော်လေး အဝင်ကြမ်းခဲ့ပြီး အမ်ဘာပေဟာ အဆိုပါ ဒဏ်ရာကြောင့် ကွင်းထဲကနေ ချက်ချင်း ထွက်ခွာခဲ့ရကာ ဆေးကုသမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

Photo Credit: Express

ပါရင်ဟာ အမ်ဘာပေ ဘောလုံးဆွဲလာတဲ့ အချိန်မှာ ဘောလုံးကို ဦးတည်ပြီး ဖျက်ထုတ်ခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ ဖျက်ထုတ်မှုဟာ ဘောလုံးကို ထိမှန်ခဲ့ခြင်း မရှိပဲ အမ်ဘာပေရဲ့ ညာဘက် ခြေကျင်းဝတ်ကိုသာ ထိမှန်သွားခဲ့ပါတယ်။ ပွဲရဲ့ အနှေးပြကွက်တွေကို ပြန်ကြည့်မယ်ဆိုရင် အမ်ဘာပေရဲ့ ညာခြေကျင်းဝတ်ဟာ ပြင်းထန် တဲ့ ဒဏ်ရာတစ်ခုကို ရရှိခဲ့ပုံပေါ်ပြီး ပါရင်ရဲ့ ဖျက်ထုတ်မှုကို ခံရအပြီးမှာ အမ်ဘာပေဟာ နာကျင်မှုကြောင့် မျက်ရည်ကျခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အမ်ဘာပေရဲ့ ခြေကျင်းဝတ် ဒဏ်ရာကို ကုသဖို့ လုပ်ဆောင်နေကြပြီး အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်မီမှာ အမ်ဘာပေ တစ်ယောက် ပြန်လည် သက်သာလာဖို့ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။