ပြင်သစ်အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက သူတို့ ပြင်သစ် တစ်သင်းလုံးက ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာကို အားလုံး လွမ်းဆွတ်နေကြရတယ်လို့ ဝန်ခံ ပြောကြားလာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ်ရှိ ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲထားမှု စစ်ဆေးတွေ့ရှိထားတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ စတင်ပြီး ဘောလုံးကစားခြင်းကနေ (၄)နှစ်အထိတောင် ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီလထဲမှာ ပေါ့ဘာက သူရဲ့ (၄)နှစ်ပွဲပယ်ပြစ်ဒဏ်အပေါ် အားကစားခုံရုံးမှာ အယူခံဝင်ထားခဲ့ပါတယ်။

Photo Credit : Goal

ကစားသမားဘဝတစ်လျှောက် မန်ယူနိုက်တက်နဲ့ ဂျုဗင်တပ်စ် နှစ်သင်းတည်းမှာသာ ပါဝင်ကစားခဲ့ဖူးတဲ့ ပေါ့ဘာဟာ ကစားခဲ့ဖူးပေမယ့် အဲ့ဒီနှစ်သင်းလုံးရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ရတဲ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်မှာလည်း ပေါ့ဘာဟာ တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အခုတော့ ပေါ့ဘာက သူရဲ့လက်ရှိကလပ် ဂျုဗင်တပ်စ်အတွက်လည်း ကစားခွင့် မရှိတော့သလို ပြင်သစ်အသင်းမှာပါ ပါဝင်ခွင့် မရှိတော့ပဲ သူတစ်ဦးတည်းသာ လေ့ကျင့်ခန်းဆင်းမှုတွေ ပြုလုပ်ရင်း ပြင်သစ်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ယူရို-၂၀၂၄ (၁၆)သင်း ရှုံးထွက်ပွဲစဉ်ကိုပါ လာရောက် ကြည့်ရှုရင်း ပြင်သစ်အသင်းကို အားပေးသွားခဲ့ပါတယ်။

Photo Credit : Marca

တကယ်လို့ ပေါ့ဘာသာ ပွဲပယ်မခံထားရဘူးဆိုရင် ပြင်သစ် ကွင်းလယ်မှာ ပေါ့ဘာ ကန်တီ ကွင်းလယ်အတွဲအဖက်ကို ပြန်လည် မြင်တွေ့ရဦးမှာဖြစ်ပြီး အဲ့ဒီလိုသာဆိုရင် ပြင်သစ်ရဲ့ ကစားအားဟာလည်း ပိုမို ကောင်းမွန်နေမှာ သေချာပါတယ်။ ပေါ့ဘာ မပါဝင်နိုင်တာနဲ့ ပတ်သက်ပြီး ဘာပေက “ကျွန်တော် ဘာကြောင့်မို့ runs in behind တွေကို ထပ်မလုပ်နိုင်တော့တာလဲဆိုတော့ အဲ့ဒါက အသင်းနဲ့ပဲ သက်ဆိုင်တယ်။”

“တိုက်စစ်မှူးတစ်ဦးက အခြေအနေတိုင်းနဲ့ရော အသင်းဖော်တွေအားလုံးနဲ့ပါ လိုက်လျောညီထွေ ရှိနေဖို့ အမြဲတမ်း လိုအပ်ပါတယ်။ လူတော်တော်များများက ကျွန်တော် လက်ရွေးစင်အသင်းကို ရောက်ခါစတုန်းက ကစားခဲ့တဲ့ ပွဲတွေကို ရည်ညွန်းပြောဆိုကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက မတူညီတဲ့ ကစားသမားတွေနဲ့ပါ။ ဥပမာပြောရမယ်ဆိုရင် ကွင်းလယ်မှာ ပေါ့ဘာ ရှိနေမယ်ဆိုပါတော့။ သူနဲ့ တွဲဖက် ကစားရမယ်ဆိုရင် သူရဲ့ဘောလုံးပေးပို့မှုတွေ ကောင်းလွန်းလို့ သူ့ဆီ ဘောလုံးရပြီဆိုတာနဲ့ ကိုယ်က တစ်ခါတည်း အချိန်ကိုက် ပြေးထားရုံပါပဲ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။