ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေ ကတော့ သူဟာ ဘောလုံးမပေးတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အသင်းဖော် ဖြစ်သူ နေမာကို မကျေမနပ် ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အမ်ဘာပေနဲ့ နေမာတို့ဟာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ အဖြစ် တွဲဖက် ကစားလာတာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်သလို နှစ်ဦးစလုံးဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့ ကြားမှာ အပြန်အလှန် ဖန်တီးမှုတွေ အများကြီး ရှိခဲ့ပါတယ်။

Photo Credit: Marca

ဒါ့အပြင် နေမာနဲ့ အမ်ဘာပေတို့ဟာ ဘောလုံးကွင်းပြင်ပမှာလည်း ပြောမနာ ဆိုမနာ မိတ်ဆွေတွေ အဖြစ် ရင်းနှီးကြသူတွေ ဖြစ်ပြီး နေမာရဲ့ အိမ်ကို အမ်ဘာပေက မကြာခဏ ဆိုသလို လာရောက် လည်ပတ်လေ့ ရှိသလို နေမာကလည်း အမ်ဘာပေရဲ့ မိသားစုနဲ့အတူ ခရီးတွေ ထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ ၂-၀ မောင့်ပယ်လီယာ ပွဲစဉ်မှာတော့ နေမာနဲ့ အမ်ဘာပေတို့ရဲ့ ကြားမှာ ကတောက်ကဆ တချို့ ဖြစ်ခဲ့ပြီး နေမာဟာ အမ်ဘာပေကို ဂိုးပေါက်ရှေ့မှာ ဘောလုံးပေးပို့ဖို့ ပျက်ကွက်ခဲ့တာကြောင့် အမ်ဘာပေက လူစားလဲခံခဲ့ရချိန်မှာ နေမာကို ပြစ်တင် ဝေဖန်ခဲ့ကာ အဆိုပါဖြစ်ရပ်ကို ရုပ်မြင်သံကြားထဲမှာ ရိုက်ကူးမိခဲ့ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ အမ်ဘာပေက ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ L’equipeနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နေမာကို ကျိန်ဆဲမိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ကာ အဆိုပါဖြစ်ရပ်နဲ့ ပတ်သတ်ပြီး နေမာနဲ့ ဆွေးနွေးပြီးပါပြီလို့လည်း ပြောကြားခဲ့ပါတယ်။

နေမာကို ကျိန်ဆဲမိခဲ့တဲ့အကြောင်းကို အမ်ဘာပေက – “ဟုတ်တယ်။ ဟုတ်ပါတယ်။ ကျွန်တော် သူ့ကို ကျိန်ဆဲမိခဲ့တယ်ဗျ။ ဒါပေမယ့် ဒါတွေက ဘောလုံးလောကမှ ဖြစ်နေကြပါပဲ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ အဲ့ဒီပွဲအပြီးမှာလည်း ကျွန်တော်က နေမာနဲ့ အဲ့ဒီကိစ္စကို ပြောဖြစ်ခဲ့ပါသေးတယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကြားမှာ အဲ့ဒီလိုကိစ္စရပ်တွေကို ဆွေးနွေးခဲ့ဖူးပါတယ်။ ပြီးတော့ ဒီလိုကိစ္စတွေက ဆက်ရှိနေဦးမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က အမြဲတမ်း အနိုင်ရချင်တဲ့ ကစားသမားတွေ ဖြစ်နေလို့ပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။