ကမ္ဘာ့လက်ဝှေ့စင်မြင့်ပေါ်ကနေ အနားယူသွားပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ Boxing အကြောင်း ဆွေးနွေးရင် မပါမဖြစ် ပါဝင်နေဆဲ ဖြစ်တဲ့ လက်ဝှေ့အကျော်အမော် မေဝယ်သာဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း ကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ လက်ရှိဘောလုံး ရာသီမှာ တန်းမဆင်းရဖို့အတွက် ရုန်းကန်နေရတဲ့ အသင်းတစ်သင်းဖြစ်သလို အသင်းကို အားပေးတဲ့ ပရိသတ်တွေဟာ အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ဝင်တွေကို မကြာခဏ ဆန္ဒပြနေတာကြောင့် အသင်းတွင်းမှာရော ၊ အသင်းပြင်မှာပါ ပြဿနာတွေရှိနေတဲ့ အသင်းပါ။

Photo Credit: Talksport.com

နယူးကာဆယ်အသင်းရဲ့ ပရိသတ်တွေဟာ အသင်းကို ဝယ်ယူအပြီးမှာ ကစားသမားကောင်းတွေကို ခေါ်ယူပေးခြင်းမရှိပဲ အသင်းရဲ့ ရှိရင်းစွဲကစားသမားတွေကိုသာ ရောင်းခဲ့တဲ့ အသင်းပိုင်ရှင် မိုက်ကယ်အက်ရှလေကို အသင်းကနေ ထွက်သွားဖို့ အကြိမ်ကြိမ်အခါခါ ဆန္ဒပြနေကြသူများဖြစ်ပြီး အသင်းကို ဝယ်ယူဖို့လဲ ထိပ်သီးသူဌေးတွေဆီကို တောင်းဆိုထားကြသူတွေပါ။ လက်ရှိမှာတော့ နယူးကာဆယ်အသင်းရဲ့ ပရိသတ်တွေဟာ​ မေဝယ်သာဆီကို အသင်းအား ဝယ်ယူဖို့ တောင်းဆိုထားခဲ့ကြပြီး မကြာမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ မေဝယ်သာက သူဟာ နယူးကာဆယ်အသင်းကို ဝယ်ဖို့ စိတ်ဝင်စားပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Talksport.com

နယူးကာဆယ်အသင်းကို ဝယ်ယူမလားဆိုတဲ့ မေးခွန်းအပေါ် မေဝယ်သာက ” နယူးကာဆယ် ဆိုတာဟာ မယုံကြည်နိုင်စရာကောင်းတဲ့ အသင်းကောင်းတစ်သင်းပါ။ တကယ်လို့ လူတွေက ကျွန်တော့်ကို နယူးကာဆယ်အသင်းကို ဝယ်ယူစေချင်တယ်ဆိုရင် ကျွန်တော် ကျိန်းသေပေါက် ကြိုးစားသွားမှာပါ ” လို့ ပြောဆိုသွားခဲ့တာပါ။ မေဝယ်သာဟာ ကမ္ဘာ့သမိုင်းမှာ လက်ဝှေ့ထိုးကြေး အများဆုံး လက်ဝှေ့သမား ဖြစ်ပြီး ငွေကို ရေလို သုံးတတ်သူ တစ်ဦးဖြစ်ကာ သူ့ရဲ့ပိုင်ဆိုင်မှုဟာလည်း အမေရိကန်ဒေါ်လာ ၁ဘီလီယံကျော်ရှိတယ်လို့ ဘဏ္ဏာရေးလေ့လာသူတွေက ပြောထားကြပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းကို ဝယ်ယူမယ်ဆိုရင် ပေါင်၃၅၀သန်းကနေ ၄၀၀သန်းဝန်းကျင်သာ ကျသင့်မှာဖြစ်တာကြောင့် မေဝယ်သာအနေနဲ့ နယူးကာဆယ်အသင်းကို ဝယ်ယူချင်ပါက ဖြစ်လာနိုင်တဲ့ အနေအထားတစ်ရပ်မှာ ရှိလို့နေပါတယ်။