ကြားရက်မှာ ကျင်းပခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပေါ်တိုအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်မန်စီးတီးအသင်းက (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တာထွက်လှခဲ့ပေမယ့် ပွဲအတွင်းမှာတော့ နည်းပြနှစ်ယောက်ရဲ့ကြား အပြန်အလှန် အချေတင်ဖြစ်ခဲ့ပြီး ဂွာဒီယိုလာရဲ့ အပြောအဆို အပြုအမှုတွေက စိတ်ချမ်းမြေ့စရာမရှိဘူးလို့ ပေါ်တိုအသင်းနည်းပြ ကွန်ဆီကာအိုရဲ့ သုံးသပ်ပြောဆိုလာမှုကို ဂွာဒီယိုလာဘက်ကနေ ပြန်လည်တုန့်ပြန်ေပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ပေါ်တိုနည်းပြ ကွန်ဆီကာအိုက သူအနေနဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲအတွင်းမှာ ပြိုင်ဘက်နည်းပြ ဂွာဒီယိုလာဆီကနေ ဒိုင်ကိုဖိအားပေးတာတွေ ပြိုင်ဘက်အသင်းအပေါ် ပြောဆိုတာတွေကို သင်ကြားခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီး ဂွာဒီယိုလာရဲ့အပြုအမှုတွေက သူ့အတွက် အရမ်းကို စိတ်ပျက်စရာ ဖြစ်စေခဲ့ရတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ဒီလို သုံးသပ်ပြောဆိုမှုတွေကို ဂွာဒီယိုလာက “ကျွန်တော်တို့အနေနဲ့ မနှစ်မျို့တဲ့ စိတ်ခံစားချက်တွေ မရလိုပါဘူး။ သူဘက်ကနေ ကျွန်တော့်ကို အခုလို လူတစ်ယောက်လို ထင်နေတယ်ဆိုရင်လည်း သူမှန်ချင်မှန်မှာပေါ့”

Photo Credit : Goal

“ကျွန်တော်ဘက်ကတော့ သူပြောသလို ဖြစ်နေတယ်လို့ မထင်မိပါဘူး။ အရိုးသားပဲပြောတာပါ။ အဲ့လိုတော့ ကျွန်တော်မထင်မိဘူး။ ကျွန်တော်အနေနဲ့ ပွဲအစကနေ ပွဲအဆုံးချိန်ထိ ကျွန်တော်တို့ ပြုမှုခဲ့တဲ့အပေါ်မှာ တကယ့်ကို ကျေနပ်မိပါတယ်။ ဒါပေမယ့် ဒါကို သူ့ဘက်က သူထင်နေတဲ့အတိုင်းပဲ မှန်နေတယ်ဆိုလည်း ကောင်းပြီလေ သူမှန်တယ်ပေါ့” လို့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြန်လည်တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက သူရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟို ပေါ်တိုနဲ့ပွဲမှာ ခြေထောက်ဒဏ်ရာရသွားခဲ့တာကြောင့် ရက်သတ္တပတ် (၆)ပတ်ခန့်လောက်အထိ အနားယူရတော့မှာဖြစ်ပြီး ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်ကနေစတင်ပြီး လွဲချော်ရတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး အသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့အပေါ် စိတ်ပျက်မိကြောင်း ညည်းတွားပြောဆိုလာခဲ့ပါတယ်။ လက်ရှိ မန်စီးတီးအသင်းရဲ့ဒဏ်ရာရကစားသမားစာရင်းမှာ ဖာနန်ဒင်ဟို ဂါဘရီရယ်ဂျေဆူးနဲ့ ဘင်ဂျမင်မန်ဒီတို့ ပါဝင်လို့နေပြီး နောက်ခံလူနာသန်အကီကတော့ ပါဝင်ဖို့ မသေချာသေးပဲ နိုင်ငံတကာရက်သတ္တပတ်မှာ ဒဏ်ရာရသွားခဲ့တဲ့ အသင်းရဲ့ Key Player တစ်ယောက်ဖြစ်တဲ့ ကီဗင်ဒီဘရိုင်းကတော့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားဖွယ် ရှိနေပါတယ်။