ချယ်လ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုးကိုးက အသင်းရဲ့ Youtube Channel မှာ အင်တာဗျူး ပြုလုပ်နေစဉ်အတွင်း လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အန်ဂိုလိုကန်တီက အသင်းရဲ့ ဂန္တဝင် ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ဖရန့်လမ်းပတ်ထက် အသင်း သမိုင်းတလျှောက် ပိုမိုကြီးကျယ်တဲ့ ကွင်းလယ်လူတစ်ဦး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Sky Sports
ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ ၂၀၁၆ခုနှစ်ကတည်းက လက်စတာကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလား ပရီးမီးယားလိဂ်နဲ့ အက်အေဖလားတို့ကိုလို ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို တစ်ဦးချင်း အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး မောင်းနှင်နိုင်တဲ့ ကန်တီသာ အသင်းမှာ အချိန်တစ်ခုထိ ဆက်လက်ရှိနေမယ်ဆိုရင် သူက အသင်းရဲ့ အကောင်းဆုံးသော ကွင်းလယ်လူတစ်ဦး ဖြစ်လာနိုင်တယ်လို့ ဂျိုးကိုးက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : The Indian Express
ကန်တီနဲ့ပတ်သက်ပြီး ဂျိုးကိုးက “လက်ရှိမှာ ကန်တီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ဦးလားဆိုတာ အမှန်ပါပဲ။ အခုဆိုရင် ကန်တီက ဒီအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဂန္တဝင် ကွင်းလယ်ကစားသမားဟောင်းကြီးတွေနဲ့ပါ ပခုံးချင်း ယှဉ်နေနိုင်ပြီလို့ ကျွန်တော်ထင်မိတယ်။ သူ့ကို မက်ခီလီလီနဲ့ လမ်းပတ်တို့ရဲ့ဘေးမှာ ထားနေနိုင်ပါပြီ။ တကယ်လို့များ သူက ဒီအသင်းမှာ နှစ်အနည်းငယ်လောက် ဆက်ရှိနေမယ် အောင်မြင်မှုတွေ ဆက်ယူနိုင်ဦးမယ်ဆိုရင် ခုဏက ကွင်းလယ်လူတွေထက်ကို သာလွန်သွားနိုင်ပါတယ်။ ကွင်းအတွင်း လွှမ်းမိုးနိုင်မှုအရ ကမ္ဘာ့ဘောလုံးနယ်ပယ်မှာ ဒီထက်ပို်ပြီး လွှမ်းမိုးနိုင်မှုရှိတဲ့ ကွင်းလယ်ကစားသမားတစ်ဦး ရှိလိမ့်မယ်လို့တောင် ကျွန်တော်မထင်မိဘူး။ သူပါဝင်နိုင်ခြင်းမရှိရင် အသင်းအတွက် ထိခိုက်မှုတွေ ရှိလာရတယ်။ သူက အသင်းရဲ့ လူစာရင်းကနေ ဖယ်ထုတ်ဖို့ ခက်ခဲပြီး ပြန်လည်အစားထိုးဖို့ပါ ခက်ခဲတဲ့ တစ်ဦးတည်းသော ဘောလုံးသမားမျိုးပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ကန်တီဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်း ကစားသမားအဖြစ် (၆)ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပွဲပေါင်း(၂၃၉)ပွဲ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၁၃)ဂိုး သွင်းယူပေးထားနိုင်ခဲ့သလို အဓိကဆုဖလား (၅)ခုအထိ ရယူပေးနိုင်ခဲ့ပါတယ်။