ဒီနှစ် နွေစျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကနေ တူရကီ ထိပ်တန်းကလပ် ဘက်ဆစ်တက်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဝါရင့် ကွင်းလယ်ကစားသမား ပီယာနစ်က သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိအချိန် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဟာ အသင်းအတွက် ဦးဆောင်သွားမယ့် ခေါင်းဆောင်ကောင်းတစ်ယောက် လိုအပ်ကောင်း လိုအပ်နေတယ်လို့ သူရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : NewsBeezer

အသက်(၃၁)နှစ်အရွှယ်ရှိ ဘော့စနီးယား လက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျုဗင်တပ်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် နည်းပြရော်နယ်ကိုးမန်းလက်အောက်မှာ ပုံမှန်ကစားခွင့် မရရှိခဲ့သလို အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းပြီးနောက်မှာလည်း ဘက်ဆစ်တက်အသင်းဆီကိုပါ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ပီယာနစ်အနေနဲ့ ဘာစီလိုနာကနေ အငှားနဲ့ ပြန်လည်ထွက်ခွာရချိန်မှာ နည်းပြကိုးမန်းက သူ့အပေါ် လေးစားမှုမရှိကြောင်းနဲ့ စကားပြောဆိုမှုတွေ မလုပ်ဆောင်ခဲ့ကြောင်းကိုပါ ဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။

Photo Credit : 1NEWS

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းအနေနဲ့ ရလဒ်တွေရော ခြေစွမ်းပိုင်းတွေရော အတော်လေးကို ဆိုးရွှားလျက်ရှိနေပေမယ့် အသင်းဥက္ကဌ လာပေါ်တာက အသင်းနည်းပြ ကိုးမန်းကို အသင်းကနေ ထုတ်ပယ်ဖို့ အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ဘာစီလိုနာအသင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ကစားသမားဟောင်း ပီယာနစ်က “ဘာစီလိုနာက လတ်တလောမှာတော့ ခက်ခဲတဲ့ အခိုက်အတန့်တစ်ခုကို ကျော်ဖြတ်နေရပါတယ်။ အသင်းရဲ့ ရလဒ်တွေကလည်း ပရိသတ်တွေ အလိုမရှိတဲ့ အနေအထားတွေ ဖြစ်နေပြီး ဒါက အသင်းရဲ့ ကစားသမားအတွက်ပါ ဖိအားတွေ တိုးလာစေခဲ့ရတယ်။ အသင်းကို ပြန်လည်ရပ်တည်နိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ကို လိုအပ်ကောင်းလည်း လိုအပ်နေပါလိမ့်မယ်။ ဘာစီလိုနာအနေနဲ့ အရင်လို အခြေအနေ ပြန်ရောက်လာမှာပါ။ ဒါပေမယ့် အချိန်တော့ ယူရပါလိမ့်မယ်။ ဘာစီလိုနာအသင်းဆိုတာ ကမ္ဘာပေါ်က အကောင်းဆုံး ကလပ်အသင်း (၅)သင်းလောက်ထဲမှာ ပါဝင်နေတာဖြစ်လို့ သူတို့ရဲ့ ရွှေရောင်လွှမ်းခဲ့တဲ့ နေ့တွေကို ပြန်လည်ရောက်လာနိုင်ပါလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။