ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကမှာ ပွဲ ၅၀ကစား ၊ ပွဲ၅၀စလုံး အနိုင်ရခဲ့တဲ့ မှတ်တမ်းနဲ့အတူ သမိုင်းတလျှောက် အကောင်းဆုံး လက်ဝှေ့သမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မန်းနီး ဖလွိုက် မေဝဲလ်သာ ကတော့ အနားယူနေရာကနေ ကြိုးဝိုင်းတွေထဲကို ပြန်လည် ဝင်ရောက်ဖို့ စဉ်းစားနေကြောင်း သူ့ရဲ့ နည်းပြဖြစ်သူက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် လက်ဝှေ့ကျော် မေဝဲလ်သာဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ထဲမှာပဲ လက်ဝှေ့လောက ကနေ အနားယူကြောင်း တရားဝင် ကြေညာခဲ့သူ ဖြစ်ပေမယ့် လက်ဝှေ့လောက ကနေ အနားယူပြီးနောက် ကြိုးဝိုင်းထဲကို ပြန်လာတော့မယ်လို့ မကြာခဏ ဆိုသလို သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ မေဝဲလ်သာဟာ လက်ဝှေ့လောကထဲကို ပြန်လည် ဝင်ရောက်လာဖို့ အစီအစဉ်တွေ ဆွဲနေပြီး သူ့ရဲ့ ပြိုင်ဘက်က Youtube Star မန်းနီးကစ် ဖြစ်လိမ့်မယ် ဆိုတဲ့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။

မေဝဲလ်သာနဲ့ နီးစပ်သူတွေကလည်း မေဝဲလ်သာနဲ့ မန်းနီးကစ်တို့ ကြားထဲမှာ စိန်ခေါ်ပွဲ တပွဲ ဖြစ်ပေါ်လာအောင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အတည်ပြုထားပြီး သူတို့နှစ်ဦးရဲ့ လက်ဝှေ့ပွဲကို ဒူဘိုင်းမြို့မှာ ကျင်းပဖွယ် ရှိကြောင်းလည်း သိရပါတယ်။

Photo Credit: Daily Mail

မေဝဲလ်သာရဲ့ နည်းပြဖြစ်သူ တက်ကာကလည်း မေဝဲလ်သာအနေနဲ့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ တက်ကာက – “ကျွန်တော်ကတော့ မေဝဲလ်သာအနေနဲ့ နောက်ထပ် နှစ်တွေ အများကြီး လက်ဝှေ့ဆက်ထိုးဦးမယ် လို့ ထင်ပါတယ်။ သူ့အနေနဲ့ တပွဲထိုးရင် ရမယ့် ပိုက်ဆံက မက်လောက်စရာ ရှိသလို ကျွန်တော်တို့လိုမျိုး သူ့ရဲ့ ပရိသတ်တွေကလည်း မေဝဲလ်သာရဲ့ ကစားပုံကို ကြိုးဝိုင်းထဲမှာ ထပ်မံ မြင်တွေ့ချင်နေကြပါပြီ။ သူ့ရဲ့ ကစားပုံက သမိုင်းတလျှောက်မှာ လုံးဝကို ပြိုင်ဘက်ကင်းတဲ့ ကစားပုံမျိုးပါ” လို့ ပြောကြားခဲ့တာပါ။