ကမ္ဘာ့ Boxing လောက ကနေ အနားယူသွားခဲ့တဲ့ လက်ဝှေ့အကျော်အမော် မေဝဲလ်သာ ကတော့ သူဟာ မကြာခင်မှာ ကြိုးဝိုင်းထဲကို ပြန်လည် ဝင်ရောက်လာတော့မှာ ဖြစ်ကြောင်း သူ့ရဲ့ ပရိသတ်တွေကို လူမှုကွန်ယက် အကောင့်တွေ ကနေ တဆင့် အသိပေး သွားခဲ့ပါတယ်။ အသက် ၄၃နှစ် အရွယ် လက်ဝှေ့ အကျော်အမော် မေဝဲလ်သာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ ကစားသမားဘဝမှာ ရှုံးပွဲတစ်ပွဲမှ မကြုံတွေ့ခဲ့သလို ပွဲ ၅၀ ကစားခဲ့ရာမှာ ၂၇ပွဲကို အလဲထိုးနဲ့ အနိုင်ရခဲ့ပြီး ၂၃ပွဲကို ဒိုင်လူကြီး အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့သူပါ။

Photo Credit: Forbes

မေဝဲလ်သာကို ကြိုးဝိုင်းထဲမှာ နောက်ဆုံး မြင်ခဲ့ရတဲ့ အချိန်ဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပြီး မေဝဲလ်သာဟာ ဂျပန်နိုင်ငံရဲ့ တက်သစ်စ လက်ဝှေ့ ကစားသမားလေး နာဆူကာဝါနဲ့ သုံးချီ သရုပ်ပြပွဲ တစ်ပွဲမှာ ပါဝင် ထိုးသတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါပွဲရဲ့ ပထမဦးဆုံး နှစ်မိနစ် အတွင်းမှာပဲ မေဝဲလ်သာဟာ နာဆူကာဝါကို အလဲထိုးနိုင်ခဲ့ပြီး အဆိုပါပွဲ အတွက် ထိုးသတ်ကြေး ဒေါ်လာ ၉သန်း အထိ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မေဝဲလ်သာဟာ ကြိုးဝိုင်းထဲကို ပြန်လာတော့မှာ ဖြစ်ကြောင်း အသိပေးခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထိုးသတ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် သူ့ရဲ့ ပြိုင်ဘက်ဟာ ဘယ်သူလဲ ဆိုတာရယ် ၊ ပြိုင်ပွဲဟာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာရယ် ကိုတော့ မပြောပြခဲ့ပါဘူး။

Photo Credit: Forbes

ကြိုးဝိုင်းထဲကို ပြန်လာတော့မယ့် အကြောင်းကို မေဝဲလ်သာက “ တိုကျို… ဂျပန်… ကျွန်တော်က ကြိုးဝိုင်းထဲကို ၂၀၂၁ ခုနှစ်မှာ ပြန်လာတော့မှာပါ။ အိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံမှာ ၂၀၂၁ ခုနှစ် အတွင်း ကျင်းပမယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် , ဖလွိုက် မန်းနီး မေဝဲလ်သာ နဲ့ ကျွန်တော့်ရဲ့ အသင်းဟာ တိုကျိုမြို့မှာ ကြိီးမားတဲ ပြိုင်ပွဲတစ်ခုကို ပြုလုပ်တော့မှာပါ။ ဂျပန်နိုင်ငံရေ… ငါ လာပြီကွာ…” ဆိုပြီး ပရိသတ်တွေကို အကြောင်းကြား သွားခဲ့တာပါ။ မေဝဲလ်သာဟာ ထိုးသတ်ကြေး မြင့်မားတဲ့ လက်ဝှေ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ဒီတစ်ပွဲမှာရော ထိုးသတ်ကြေး ဘယ်လောက် ရရှိသွားမလဲ ဆိုတာကို စောင့်ကြည့် သွားရမှာပါ။