ဘောက်ဆင်လောကရဲ့ ရှုံးပွဲမရှိတဲ့ နာမည်ကြီး ဖိုက်တာ တစ်ဦးလို့ တင်စားခေါ်ဆိုရမယ့် ဖလွိုက် မေဝဲလ်သာ ဟာ YouTuber တစ်ဦးဖြစ်တဲ့ လိုဂန် ပေါလ် နဲ့ လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သရုပ်ပြ ထိုးသတ်တော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ မေဝဲလ်သာ ဟာ ဘောက်ဆင်းလောကမှာ ရှုံးပွဲတစ်ပွဲမှ မရှိတဲ့ ဖိုက်တာ တစ်ဦးဖြစ်ပြီးတော့ ပွဲ ၅၀ ဆက် အနိုင်ရရှိထားသူဖြစ်ပါတယ်။ မေဝဲလ်သာ အနေနဲ့ ဘောက်ဆင် လောက ကနေ တရားဝင်အနားယူသွားပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့ ဂုဏ်သတင်းက ဆက်လက်ကျော်ကြားနေခဲ့ပြီး စိန်ခေါ်ထိုးသတ်ချင်နေတဲ့ သူတွေကလည်း အများအပြားပါပဲ။ မေဝဲလ်သာ အနေနဲ့ ထိုအထဲကမှ နာမည်ကြီး YouTuber တစ်ယောက် ဖြစ်တဲ့ လိုဂန် ပေါလ် နဲ့ ၂၀၂၁ မှာ ထိုးသတ်ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Talksport

ဖလွိုက် မေဝဲလ်သာ အနေနဲ့ MMA ရဲ့ နာမည်ကြီး ဖိုက်တာ တစ်ဦး ဖြစ်တဲ့ ကော်နာ မက်ဂရီဂေါ နဲ့ ၂၀၁၇ ခုနှစ်တုန်းက ယှဉ်ပြိုင် ထိုးသတ်ခဲ့အပြီးမှာတော့ သူ့အနေနဲ့ အနားယူတော့မှာ ဖြစ်တဲ့ အကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ မေဝဲလ်သာ ဟာ အဆိုပါ ပွဲစဉ်မှာ ကော်နာ မက်ဂရီဂေါ ကို သူ ကျွမ်းကျင်တဲ့ ဘောက်ဆင်းစကေး နဲ့ သက်လုံ တို့ပေါင်းစပ်ပြီး ၁၀ ချီမြောက်မှာ အလဲထိုးသတ် နိုင်ခဲ့ပြီး ထိုးသတ်ကြေး ဒေါ်လာ သန်း ၁၀၀ အထိတောင် ရရှိခဲ့ပါတယ်။ မေဝဲလ်သာ အနေနဲ့ ကော်နာ နဲ့ ပွဲအပြီးမှာ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပေမယ့်လည်း နောက်တစ်နှစ် အကြာမှာတော့ ဂျပန်ဖိုက်တာ တစ်ဦးဖြစ်တဲ့ တန်ရှင် နာစူကာဝါ နဲ့ သရုပ်ပြ ထိုးသတ်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာလည်း မေဝဲလ်သာက နာစူကာဝါ ကို ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့ပြီး ဒေါ်လာ ၉ သန်း ရှာဖွေနိုင်ခဲ့ပါတယ်။

Photo Credit: Talksport

မကြာသေးမီက အသက် ၄၃ နှစ်ရှိပြီ ဖြစ်တဲ့ ဖလွိုက်‌ မေဝဲလ်သာ ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ လိုဂန် ပေါလ် နဲ့ ထိုးသတ်ဖို့ သဘောတူညီမှု ရရှိပြီးပြီလို့ တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ထိုအချိန်တုန်းကတော့ မေဝဲလ်သာ ဘက်ကနေသာ တင်ခဲ့တာ ဖြစ်ပြီး လိုဂန် ပေါလ် ဘက်ကနေတော့ ဘာသတင်းမှ မကြားခဲ့ရပါဘူး။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အသက် ၂၅ နှစ်ရှိသာ ရှိသေးတဲ့ လိုဂန် ပေါလ် ကိုယ်တိုင်က သူ့ရဲ့ တွစ်တာ အကောင့်မှာ ကြေညာခဲ့တာကြောင့် ထိုးသတ်ပွဲက တကယ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ မေဝဲလ်သာ နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် လိုဂန် ပေါလ် ဆိုသူဟာ ပရော်ဖက်ရှင်နယ် ဘောက်ဆင်လောက ကို ဝင်ရောက်လာတာ မကြာသေးသူဖြစ်ပြီးတော့ သူ့ရဲ့ ပထမ‌ဆုံး ပွဲစဉ်အဖြစ် YouTuber ပြိုင်ဘက် KSI နဲ့ မနှစ်က ထိုးသတ်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ မေဝဲလ်သာ နဲ့ လိုဂန်ပေါလ် အကြား အသက်ကွာဟ ချက်ကလည်း ကြီးမားသလို သရုပ်ပြ ထိုးသတ်မှာ ‌ဖြစ်တာကြောင့် ဝါနုသေးတဲ့ လိုဂန် အတွက်တော့ မျှတ တယ်လို့ ဆိုရပါမယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ မေဝဲလ်သာ ရဲ့ ထိုးချက်တွေကို လွမ်းနေသူတွေ အတွက်တော့ စောင့်ကြည့်ချင်စရာပါပဲ။