ကမ္ဘာ့လက်ဝှေ့လောကရဲ့ ရှုံးပွဲမရှိ ချန်ပီယံ တဦးအဖြစ် လူသိများတဲ့ အမေရိကန် လက်ဝှေ့သမား မေဝဲလ်သာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ Youtube ကြယ်ပွင့်တဦး ဖြစ်သူ လိုဂန်ပေါလ်နဲ့ ထိုးသတ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ မေဝဲလ်သာအနေနဲ့ လိုဂန်ပေါလ်ကို အလဲထိုးနဲ့ အနိုင်မရခဲ့ပေမယ့် ထိုးသတ်ကြေး စုစုပေါင်း ဒေါ်လာ ၆၀သန်းခန့် ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၄၄နှစ် အရွယ် လက်ဝှေ့အကျော်အမော် မေဝဲလ်သာဟာ ကမ္ဘာပေါ်မှာ ပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံး လက်ဝှေ့သမား တဦး ဖြစ်ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့ပြိုင်ပွဲတွေ ကနေ အနားယူခဲ့ပေမယ့် လက်ရှိအချိန် အထိ မေဝဲလ်သာရဲ့ ဂုဏ်သတင်းဟာ ကျဆင်းသွားခြင်း မရှိသေးပါဘူး။

Photo Credit: Evening Standard

အထူးသဖြင့် ပွဲ ၅၀ထိုး ပွဲ ၅၀ နိုင် ဆိုတဲ့ မေဝဲလ်သာရဲ့ မှတ်တမ်းဟာ ကမ္ဘာ့လက်ဝှေ့လောကမှာ ဘယ်သူမှ လိုက်မမှီနိုင်တဲ့ ရှုံးပွဲမရှိ စံချိန်တခု ဖြစ်နေပြီး အဆိုပါ စံချိန်မှတ်တမ်းကြောင့်ပဲ မေဝဲလ်သာကို ယှဉ်ပြိုင် ထိုးသတ်ကာ အနိုင်ယူပြချင်တဲ့ လက်ဝှေ့သမားတွေ အမြောက်အများ ရှိနေပါတယ်။ ဒါပေမယ့် အသက်အရွယ် ရလာတဲ့ မေဝဲလ်သာကတော့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲစဉ်တွေကို စွန့်ခွာခဲ့ပြီး သူ့အတွက် ဝင်ငွေ အမြောက်အများ ရရှိမယ့် အလွတ်တန်း ပွဲစဉ်တွေကိုသာ ထိုးသတ်ခဲ့ကာ လိုဂန်ပေါလ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်ဟာလည်း အလွတ်တန်းပွဲစဉ် တပွဲပဲ ဖြစ်ပါတယ်။ ကွင်းဘေးဒိုင် မပါဝင်ခဲ့တဲ့ အဆိုပါပွဲမှာ အလဲထိုးခြင်းကသာ အနိုင်ရမယ့် တခုထဲသော နည်းလမ်းဖြစ်ပေမယ့် ဇရာကြောင့် ယခင်ကလို အမြန်နှုန်းတွေ မရှိတော့တဲ့ မေဝဲလ်သာဟာ လိုဂန်ပေါလ်ကို အစီးသရေသာ ထိုးသတ်နိုင်ခဲ့ပါတယ်။

Photo Credit: Evening Standard

အချက်အလက် မှတ်တမ်းတွေအရ အဆိုပါ ပွဲစဉ်မှာ မေဝဲလ်သာဟာ လိုဂန်ပေါလ်ကို ထိချက်မှန်တဲ့ ထိုးနှက်ချက် ၄၃ကြိမ်သာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် မေဝဲလ်သာဟာ အဆိုပါပွဲစဉ် အတွက် ထိုးသတ်ကြေး အဖြစ် ဒေါ်လာ ၆၀သန်း ရရှိခဲ့တာကြောင့် သူ့ရဲ့ ထိချက်မှန်တဲ့ လက်သီးချက် တချက်တိုင်း အတွက် မေဝဲလ်သာဟာ ဒေါ်လာ ၁.၅သန်း ဝန်းကျင် ရရှိခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ထုတ်ဖော် ရေးသားလာကြပါတယ်။ လိုဂန်ပေါလ်နဲ့ မေဝဲလ်သာတို့ရဲ့ ပွဲစဉ်ဟာ ပရိသတ်တွေ မျှော်လင့်ထားသလို ပွဲကောင်း တပွဲ မဖြစ်ခဲ့တာကြောင့် ပရိသတ်တွေက မေဝဲလ်သာကိုရော လိုဂန်ပေါလ်ကိုပါ ပြင်းပြင်းထန်ထန် ဝေဖန်နေပေမယ့် မေဝဲလ်သာကတော့ သူ့အတွက် ပိုက်ဆံကသာ တန်ဖိုးအရှိဆုံးပါလို့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်ထားပါတယ်။