စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ သူတို့ရဲ့နည်းပြဖြစ်သူ မာရီစီယိုပိုချက်တီနိုကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သူရဲ့နေရာမှာ နာမည်ကျော် စပယ်ရှယ်ဝမ်းနည်းပြကြီးဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး မော်ရင်ဟိုစတင်ကိုင်တွယ်ချိန်မှာ စပါးအသင်းက ရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ရလဒ်တွေက ပြန်လည်ကျဆင်းလာခဲ့သလို မော်ရင်ဟိုရဲ့ထုံးစံအတိုင်း ကစားသမားတွေနဲ့လည်း အဆင်မပြေမှုတွေပါ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ဒီလိုအချိန်မှာ နည်းပြဟောင်းပိုချက်တီနိုကလည်း သူရဲ့နှလုံးသားထဲမှာ စပါးအသင်းက အမြဲတမ်းရှိနေပါတယ်လို့ အင်တာဗျူးတစ်ခုက ထုတ်ဖော်ပြောဆိုလာခဲ့လို့ အသင်းဟောင်းနဲ့ ပိုချက်တို့ သတင်းတွေ ပြန်လည်လှုပ်ခတ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အာဂျင်တီးနားလူမျိုး နာမည်ကျော်ဘောလုံးနည်းပြ ပိုချက်တီနိုဟာ ဆောက်သမ်တန်အသင်းကနေ စပါးအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပြီးနောက်မှာ စပါးကို အချိန်တိုလေးအတွင်းမှာပဲ အသင်းကြီးတစ်သင်းပုံစံဖြစ်အောင် ပုံသွင်းနိုင်ခဲ့ပြီး စပါးကို ပရီးမီးယားလိဂ်ဖလား ချန်ပီယံဖလားလိဂ်ဖလားတွေ ရရှိနိုင်ဖို့အတွက် အနီးစပ်ဆုံးအခြေအနေထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပိုချက်တီနိုက သူအနေနဲ့ စပါးအသင်းကို ဆုဖလားတွေ မရယူပေးနိုင်ခဲ့တဲ့အပေါ် စိတ်အလိုမကျဖြစ်ခဲ့ရပြီး နည်းပြဘဝကနေ အနားမယူခင် စပါးမှာ နည်းပြအဖြစ် နောက်တစ်ကြိမ် ပြန်လည်ကိုင်တွယ်ကာ ဆုဖလားတွေ ရယူပေးချင်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

ပိုချက်တီနိုက “တကယ့်ကို အံ့အားသင့်စဖွယ် ခရီးရှည်တစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက်မှာ ဘယ်သူကမှ အလိုမရှိတဲ့ အဆုံးသတ်မှုတစ်ခုနဲ့ ကျွန်တော်ကြုံတွေ့ခံစားခဲ့လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော် စပါးအသင်းကို အရမ်းချစ်မြတ်နိုးပါတယ်။ ဒီနေရာကို နောက်တစ်ကြိမ်ပြန်လာဖို့လည်း ဆန္ဒရှိပါတယ်။ သေချာတာပေါ့ အသင်းကို စရောက်ချိန်ကနေ အသင်းကနေ ထွက်ခွာခဲ့ချိန်အထိ ဒီအသင်းအတွက် ကျွန်တော်ရဲ့လုပ်ဆောင်ချက်တွေက အပြီးသတ်အောင်မြင်မှု မရခဲ့ပါဘူး” လို့ ထုတ်ဖော်ပြောဆိုခဲ့သလို သူ့အသက်မသေဆုံးခင်မှာ စပါးအသင်းအတွက် ဆုဖလားတွေ ရယူပေးချင်တယ်လို့ပါ ပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုဟာ လတ်တလောမှာတော့ အခြားသော အသင်းသစ်တစ်သင်းဆီမှာပဲ သူရဲ့နည်းပြဘဝကို ဆက်သွားဖွယ်ရှိနေပြီး အခုတလောမှာ နယူးကာဆဲလ်အသင်းနဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေပါတယ်။