မန်စီးတီးအသင်းဟာ ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်း (FPP) ကို ချိုးဖောက်ခဲ့တာကြောင့် (၂) နှစ်ဆက် ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရမယ်လို့ ယူအီအက်ဖ်အေက ထုတ်ပြန်ပြီးတဲ့နောက် နည်းပြ ဂွါဒီယိုလာအနေနဲ့ အသင်းက ထွက်နိုင်ချေ ရှိလာပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာသာ ထွက်သွားမယ် ဆိုရင် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချယ်တီနိုကို မန်စီးတီး နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: Dailymail

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကစားခွင့် (၂) နှစ် ပိတ်ပင်ခံရတာကြောင့် လက်ရှိ နည်းပြ ဂွါဒီယိုလာကိုသာမက အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိူင်း၊ အဂွဲရို နဲ့ စတာလင်းတို့ကိုပါ ဆုံးရှုံးနိုင်ဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရတဲ့ (၂) နှစ်တာ ကာလအတွင်း ချန်ပီယံလိဂ် ဖလားကို ရရှိနိုင်တဲ့ မဟာ အခွင့်အရေးကို ဆုံးရှုံးရသလို (၂) နှစ်အတွင်း ဝင်ငွေ ပေါင် သန်း (၁၇၀) ခန့်ကိုလည်း ဆုံးရှုံးနိုင်ချေ ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ လာမယ့် (၂၀၂၁) ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပေမဲ့ ဗြိတိသျှ အခြေစိုက် လောင်းကစား ကုမ္ပဏီ Ladbrokes က နည်းပြ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကနေ ရာသီကုန်မှာ ထွက်သွားနိုင်တယ်လို့ ဖော်ပြပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာသာ ထွက်သွားရင် နည်းပြ ပိုချယ်တီနိုကို ပထမ ဦးစားပေး ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ပြီး ဒုတိယ ဦးစားပေးကတော့ လက်စတား နည်းပြ ရော်ဂျာ ဖြစ်ပါတယ်။