MySport Myanmar

ရလဒ်တွေ ဆိုးနေပေမယ့် သူ့ကို ယုံကြည်ပေးဖို့ ပိုင်ရှင်တွေအား တောင်းဆိုလိုက်တဲ့ ပိုချက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ဗီလာနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပိုင်ရှင်တွေဟာ ရှုံးပွဲတွေ အတွက် စိတ်ပျက်နေမယ် ဆိုတာ သိပေမယ့် သူတို့ရဲ့ စီမံကိန်းကို ဆက်လက် ထောက်ခံပေးဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ အသုံးစရိတ် အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အထိ ငွေကြေးများစွာ သုံးစွဲကာ အသင်းကို အင်အားဖြည့်တင်းခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေရပြီး ရှုံးပွဲတွေ ကြားထဲမှာ နစ်မြုပ်နေပါတယ်။

Photo Credit: Standard

ယမန်နေ့ညမှာလည်း ချယ်လ်ဆီးက အက်စ်တွန်ဗီလာကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုကာ ရလဒ်ကောင်း တခု ရယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးရဲ့ ကစားပုံက အားရစရာ မကောင်းခဲ့သလို ပွဲချိန် ၅၈မိနစ်မှာ ညာနောက်ခံလူ ဂတ်စတိုက တိုက်ရိုက် အနီကတ် ထိခဲ့တာကြောင့် မိနစ် ၃၀ကျော် တယောက်လျော့ အနေအထားနဲ့ ဗီလာကို ယှဉ်ပြိုင် ကစားခဲ့ရပြီး ဗီလာအတွက် တလုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၅မိနစ်မှာ တိုက်စစ်မှူး ဝက်ကင်းစ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: The Sun

ချယ်လ်ဆီး ၀-၁ ဗီလာ ပွဲအပြီးမှာတော့ ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင် ဖြစ်သူ အက်ဂ်ဘာလီက ချယ်လ်ဆီးရဲ့ အဝတ်လဲခန်းထဲ အထိ ဝင်သွားကာ ပိုချက်တီနိုနဲ့ ကစားသမားတွေကို ရလဒ်ဆိုးတွေ ကနေ အမြန်ဆုံး ရုန်းထွက်ကြဖို့ တိုက်တွန်း နှိုးဆော်သွားခဲ့ပြီး ပိုချက်တီနိုကတော့ အသင်းပိုင်ရှင်တွေဟာ သူ့ရဲ့ စီမံကိန်းကို ဆက်လက် ထောက်ခံပေးဖို့ လိုအပ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ပြောသွားပါတယ်။

ပိုချက်တီနိုက – “အသင်းပိုင်ရှင်တွေက ရှုံးပွဲတွေ အတွက် စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ရဲ့ စီမံကိန်းကို ဆက်လက် ထောက်ခံနေဖို့ လိုပါတယ်။ ကျွန်တော်တို့က ကစားသမားတွေရဲ့ ယုံကြည်မှုတွေကို မြှင့်တင်ပေးရပါမယ်။ အဲ့ဒီလို လုပ်ဖို့ ဆိုရင် ကျွန်တော်တို့ အားလုံးက သူတို့တွေ လိုအပ်တဲ့ အားပေးမှုတွေကို ပေးမှပဲ ရပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

https://youtu.be/ysuiUfu7AUk

Exit mobile version