မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ဘရိုက်တန် အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲမှာတော့ တန်းဆင်းဇုန်အန္တရာယ်ကြောင့် ရုန်းကန်နေတဲ့ ဘရိုက်တန်အသင်းဟာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ကိုယ်စီ ကိုယ်စီ ရည်မှန်းချက်တွေ ရှိနေတာကြောင့် အပြင်းအထန် ကြိုးစား အားထုတ် ကစားခဲ့ကြပြီး အာဆင်နယ်အသင်းဟာ ဥရောပပြိုင်ပွဲတွေကို ဝင်ပြိုင်ခွင့်ရဖို့ ဘရိုက်တန်အသင်းနဲ့ပွဲအား မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ခဲ့ပေမယ့် နိုင်ပွဲ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Photo Credit: Metro

ဒီနေ့ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဘက် က အူဘာမီယန်း ၊ လာကာဇက် ၊ ပေပေစတဲ့ အဓိက တိုက်စစ်မှူး သုံးဦးစလုံးကို တစ်ပြိုင်ထ​ဲ ထုတ်သုံးကာ ဘရိုက်တန်အသင်းကို ချေမှုန်းဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဘရိုက်တန်အသင်းရဲ့ မာမာထန်ထန် ကစားပုံကြောင့် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ ပွဲကစားချိန် ၆၈မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ပေပေရဲ့ လှပတဲ့ ဝေ့ဝိုက် ကန်သွင်းချက် တစ်ခုနဲ့အတူ ပွဲကို ဦးဆောင် ကစားနိုင်ပေမယ့် ရရှိထားတဲ့ ဦးဆောင်ဂိုးကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း မရှိပဲ ပွဲချိန် ၇၄မိနစ်မှာပဲ ဘရိုက်တန် အသင်းဘက်ကို ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ဘရိုက်တန်အသင်းအတွက် ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် လီဝစ်ဒန့်က သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ပွဲဟာ အနည်းငယ် ပြန်လည် အေးစက်သွားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ ရလဒ်နဲ့ ပြီးဆုံးသွားလိမ့်မယ် လို့ ထင်မှတ်ခဲ့ကြပေမယ့် ပွဲချိန် နောက်ဆုံးမိနစ် မှာ ဘရိုက်တန်အသင်းရဲ့ တိုက်စစ်မှူး မော်ပေ က အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲ ပြီးဆုံးသွားချိန်မှာတော့ ဘရိုက်တန် တိုက်စစ်မှူး မော်ပေက အာဆင်နယ်အသင်း ဟာ သူတို့နဲ့ ထိုက်တန်တဲ့ ရလဒ်ကို ရရှိသွားတာ ဖြစ်ကြောင်းနဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေဟာ နှိမ့်ချတတ်ဖို့ လိုအပ်သေးတယ် လို့ ဆိုသွားခဲ့ပါတယ်။ မော်ပေက ” ပထမပိုင်း ပွဲကစားချိန် ပြီးတဲ့အချိန်မှာ ကျွန်တော်က သူတို့ အသင်းရဲ့ ဂိုးသမား ဒဏ်ရာရရှိသွားတာနဲ့ ပတ်သတ်ပြီး အာတီတာကို သွားရောက် တောင်းပန်ခဲ့ပါတယ်။ သူ ဒဏ်ရာရရှိသွားစေဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော်က ဘောလုံး ရရှိလိုဇောနဲ့ ပြေးသွားခဲ့တာ ဖြစ်ပြီး ဂိုးသမားရဲ့ ဒူးခေါင်းက မြေပြင်ပေါ် ပြန်အကျ မှာ လည်ထွက်သွားခဲ့တာပါ​။ ကျွန်တော်ကလည်း အဲ့ဒီလို ဆိုးရွားတဲ့ ဒဏ်ရာတွေကို ရရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့်လည်း အဲ့ဒီဒဏ်ရာဟာ သူ့အတွက် ခက်ခဲမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ကစားသမား တချို့ကတော့ နှိမ့်ချခြင်းဆိုတာကို ပြန်လည် သင်ယူဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အသာစီး ရနေတဲ့ အချိန်မှာ အရမ်းကို စကားများ ကြလို့ပါ။ အခုတော့ သူတို့နဲ့ တန်တဲ့ အရာကို သူတို့ရသွားပါပြီ ” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။