အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ဆောင်းစျေးကွက်အတွင်း နယူးကာဆယ်ယူနိုက်တက်အသင်းဆီ ရောင်းချထားခဲ့ရတဲ့ အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် အက်စတွန်ဗီလာ ညာနောက်ခံလူ မတ်သီကတ်ရှ်ကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။
Photo Credit : Sky Sports
အသက်လက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီဟာ နယူးကာဆယ်အသင်းဆီကို ပေါင်(၁၂)သန်းနဲ့ ရောင်းချထားခဲ့ရတဲ့ ထရစ်ပီယာရဲ့နေရာမှာ နောက်ထပ် ညာခြမ်းခံစစ် ကစားသမားတစ်ဦးနဲ့ ပြန်လည်အစားထိုးသွားဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး လတ်တလောမှာတော့ ဗီလာအသင်းရဲ့ ပိုလန် နောက်ခံအစွန်လူ မတ်သီကတ်ရှ်ကို အမှန်အကန် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ကတ်ရှ်ဟာ ဗီလာအသင်းကို လွန်ခဲ့တဲ့ ၂၀၂ဝခုနှစ် နွေရာသီကမှ နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ပွဲစဉ်အများအပြားကို ပါဝင်ကစားထားခဲ့ရသူလည်း ဖြစ်ပါတယ်။
Photo Credit : The Athletic
ဗီလာနည်းပြသစ် စတီဗင်ဂျရတ် လက်အောက်မှာပါ ပွဲတိုင်းနီးပါး မိနစ်(၉၀)ပြည့် ပါဝင်ကစားခွင့် ရရှိနေတဲ့ ကတ်ရှ်ကို အသက်လက်တီကိုအသင်းရဲ့ တာဝန်ရှိသူတွေက ကတ်ရှ်ကို အရခေါ်ယူသွားဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူတွေနဲ့ပါ ဆက်သွယ်လာခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဗီလာအသင်းအနေနဲ့ကတော့ အသင်းရဲ့ ဦးစားပေး ကစားသမားတစ်ဦးကို အလွယ်တကူ ထုတ်ရောင်းသွားဖို့ ဆန္ဒမရှိပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ချိန်ဘာက ဗဟိုနောက်ခံ နေရာကရော ညာခြမ်းခံစစ် နေရာမှာပါ ကစားတတ်သူဖြစ်လို့ ကတ်ရှ်ကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်လာပြီဆိုရင် သူ့နေရာမှာ အသင့်ဝင်ကစားမယ့် ကစားသမားရှိနေတဲ့အတွက် ရောင်းချသွားနိုင်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့က ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်လည်း အခု ဆောင်းစျေးကွက်ထဲမှာထက် လာမယ့် နွေလောက်မှသာ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ လတ်တလော ဆောင်းစျေးကွက်ထဲမှာတော့ ဗီလာက ကော်တင်ဟို ဒစ်ဂ်နေး ချိန်ဘာနဲ့ အော်လ်ဆန်တို့ကို ခေါ်ယူထားသလို အသကင်လက်တီကိုကတော့ ဒန်နီရယ်ဝက်စ်ကို ခေါ်ယူအားဖြည့်ထားပါတယ်။