ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ မားသီးယပ်စ်က အာဂျင်တီးနား ချန်ပီယံ ဖြစ်သွားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကျော် တိုက်စစ်မှူး ရိုနယ်ဒို ဦးဆောင်လာတဲ့ ပေါ်တူဂီဟာ ကွာတားဖိုင်နယ် ကနေပဲ အရှက်တကွဲ လှည့်ပြန်ခဲ့ရတာဟာ ရိုနယ်ဒိုရဲ့ အတ္တနဲ့ မာနတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ရိုနယ်ဒို ၊ ဘရူနို ဖာနန်ဒက် ၊ ဘာနာဒို ဆေးလ်ဗား ၊ ဂျာအိုဖီးလစ် ၊ လီယာအို ၊ ရူဘင် ဒီယက်စ် ၊ ပီပီ စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ ပါဝင်နေတဲ့ ပေါ်တူဂီက အုပ်စုအဆင့်မှာ ခြေစွမ်းတွေ အတော်လေး ကောင်းခဲ့သလို ၁၆သင်း ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာတော့ ဟာခီမီ ၊ အမ်ရာဘက်နဲ့ ဇီရက်ဇ်တို့သာ ရှိနေတဲ့ မော်ရိုကိုကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Football 365

ကမ္ဘာ့ချန်ပီယံ ဖြစ်နိုင်စွမ်း ရှိတဲ့ ပေါ်တူဂီက မော်ရိုကိုကို ရှုံးနိမ့်ခဲ့မှုဟာ ဘောလုံးလောက တခုလုံးကို အတော်လေး ရှော့ခ်ရသွားစေတဲ့ ဖြစ်ရပ်တခု ဖြစ်ပြီး အဆိုပါပွဲမှာ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က အသင်းခေါင်းဆောင် ရိုနယ်ဒိုကို အရန် တိုက်စစ်မှူး အဖြစ်သာ အသုံးပြုခဲ့တာကြောင့် ဆန်းတို့စ်ရဲ့ နည်းစနစ်အမှားတွေကြောင့် ပေါ်တူဂီဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလို့ ဘောလုံးရေးရာ သုံးသပ်သူတွေက ယူဆနေကြပါတယ်။

ဒါပေမယ့် ဂျာမဏီရဲ့ ဂန္တဝင် ကစားသမားကြီး ဖြစ်သူ မားသီးယပ်စ်ကတော့ ရိုနယ်ဒိုရဲ့ ပွဲတိုင်းလိုလို ပါဝင် ကစားချင်စိတ်ကြောင့် ပေါ်တူဂီရဲ့ အသင်းတွင်းမှာ အကွဲအပြဲတွေ ဖြစ်ခဲ့တယ်လို့ ယူဆနေပြီး ရိုနယ်ဒိုရဲ့ အတ္တနဲ့ မာနကြောင့် သူ ပါဝင် ကစားတဲ့ အသင်းတိုင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတာလို့ ထုတ်ပြောလာပါတယ်။

Photo Credit: Football 365

မားသီးယပ်စ်က – “ရိုနယ်ဒိုရဲ့ အတ္တနဲ့ မာနတွေက သူ့ရဲ့ အသင်းအတွက် ဆိုးကျိုးတွေ ဖြစ်စေခဲ့သလို သူ့ကိုလည်း ထိခိုက် နစ်နာစေခဲ့ပါတယ်။ ရိုနယ်ဒိုက ထိပ်တန်း ကစားသမား တယောက် ဖြစ်သလို သူ့ရဲ့ အဆုံးသတ်ပိုင်းကလည်း သံသယဝင်စရာ မရှိပါဘူး။ ဒါပေမယ့် အခုချိန်မှာ သူက သူ့ရဲ့ သမိုင်းကြောင်းကို သူကိုယ်တိုင်ပဲ ပြန်ဖျက်ဆီးနေပါတယ်။ ကျွန်တော်ကတော့ သူဟာ ထိပ်တန်းအသင်း တသင်းမှာ နေရာရဖို့ မလွယ်တော့ဘူးလို့ပဲ ထင်ပါတယ်။ ဒီစကားမျိုး ပြောရလို့ သူ့အတွက် စိတ်တော့ မကောင်းပါဘူး။ ရိုနယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြီးကြီးမားမားကို ကျရှုံးခဲ့တာပါ။ သူ့ရဲ့ပြိုင်ဘက် မက်ဆီနဲ့ တခြားစီပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။