ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး လိုသာ မာသီးယပ်စ်က သူ့ရဲ့ အသင်းဟောင်းအနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို လက်လွှတ်ရဖို့ နီးစပ်နေချိန်မှာ သူတို့အသင်းဆီ ပြောင်းလာချင်နေတဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို မဖြစ်မနေ ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို မဖြစ်မနေ ရောင်းထုတ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး လီဝမ်ဒေါစကီးက အသင်းပြောင်းခွင့် ပေးဖို့ တရားဝင် တောင်းဆိုထားသလို ဘာစီလိုနာကလည်း လီဝမ်ဒေါစကီး အတွက် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ထားပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီး ထွက်သွားရင် အားနည်းသွားမယ့် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် လီဗာပူးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ မာနေးကို ခေါ်ယူထားပေမယ့် မာနေးက တောင်ပံတိုက်စစ် နေရာမှာသာ အဓိကထား ကစားတတ်သူ ဖြစ်တာကြောင့် လီဝမ်ဒေါစကီးရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ထပ်မံ ခေါ်ယူဖို့ လိုအပ်နေသေးပြီး ရိုနယ်ဒိုဟာ ဘိုင်ယန်မြူးနစ် အတွက် ရွေးချယ်စရာ ကောင်းတဲ့ တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေ မကျဆင်းသေးကြောင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူပေးရင်း သက်သေပြခဲ့ကာ ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး မာသီးယပ်စ်ကတော့ ရိုနယ်ဒိုနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အတွဲအဖက်ဟာ အရမ်းကို လှပတဲ့ အတွဲတခု ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်က ရိုနယ်ဒိုကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Metro

မာသီးယပ်စ်က – “ရိုနယ်ဒိုနဲ့ ဘိုင်ယန်မြူးနစ် အတွဲအဖက်က အရမ်းကို ဆွဲဆောင်မှုကောင်းမယ့် အတွဲအဖက်ပါ။ ပြီးတော့ ရိုနယ်ဒို ဆိုတာက အသင်းတိုင်းရဲ့ စောင့်ကြည့်မှုကို ခံရသလို သူတို့အသင်းဆီ တကြိမ်လောက်တော့ ခေါ်ယူချင်တဲ့ ကစားသမားမျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ ဘိုင်ယန်မြူးနစ်ကသာ ရိုနယ်ဒိုဆီမှာ သူတို့အသင်း အတွက် အနည်းဆုံး ၁နှစ် ၊ ၂နှစ်လောက် ကစားပေးနိုင်မယ့် ကြံ့ခိုင်မှုမျိုး ရှိနေမယ်လို့ ယုံကြည်ရင် ရိုနယ်ဒိုက လီဝမ်ဒေါစကီးရဲ့ နေရာအတွက် ရေတို အစားထိုးမှု တရပ် ဖြစ်နိုင်ပါတယ်။ ပြီးတော့ သူတို့က လီဝမ်ဒေါစကီးကို ရောင်းချရာကနေ ရလာမယ့် ပိုက်ဆံတွေကို တခြားနေရာတွေမှာ အသုံးပြုလို့ ရပါသေးတယ်” ဆိုပြီး အကြံပေးသွားခဲ့တာပါ။